ဘန်ကောက်၊ မတ် ၃
မြန်မာအစိုးရက ကန့်ကွက်ခဲ့သော်လည်း ထိုင်းလွှတ်တော်တွင် မြန်မာအရေးတွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ထိုင်းလွှတ်တော်အတွင်းကျင်းပသော မြန်မာအရေးတွေ့ဆုံဆွေးနွေးပွဲကို NUG အဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး မြန်မာအစိုးရကိုယ်စားလှယ်များတက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ထိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သော ရမ်ဆီမန် ရိုမီက “ ဒီနေ့ကျင်းပခဲ့တဲ့ မြန်မာအရေးဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရေး အငြင်းပွားမှုတွေမှာပါဝင်နေတဲ့ ဘက်အားလုံးကြား တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဆွေးနွေးနိုင်အောင် ပြုလုပ်တဲ့ပထမအဆင့်ပါ။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံစေမယ့် နိုင်ငံရေးအဖြေတစ်ခုရဖို့ လမ်းခင်းပေးမှာပါ။” ဟု ပြော သည်။
သို့သော်လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သော မြန်မာအရေးဆွေးနွေးပွဲကို ကန့်ကွက်လိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ရိုက်တာသတင်းဌာနသည် ထိုင်းလွှတ်တော်အတွင်းကျင်းပခဲ့သော မြန်မာအရေး တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်စာပို့မေးမြန်းခဲ့ချိန်တွင် ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းလွှတ်တော်အတွင်းကျင်းပခဲ့သော မြန်မာအရေးတွေ့ဆုံဆွေးနွေးပွဲကို ကန့်ကွက်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးကို အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများရှိလာနိုင်ကြောင်း တုံ့ပြန်ထားသည်ဟု သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နုကာရာသည် ထိုင်းလွှတ်တော်အတွင်းကျင်းပမည့် မြန်မာအရေးတွေ့ဆုံဆွေးနွေးပွဲတွင် အမှာစကားပြောဆိုရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ကောင်းထက်ငွေ
bangkokpost.com
ထိုင်းလွှတ်တော်တွင် မြန်မာအရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်