ဘန်ကောက်၊ စက်တင်ဘာ ၂၆
ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲဖြစ်သူ ရဲချုပ်ကြီး၏အိမ်များကို စီးနင်းရှာဖွေမှုတွင် ပါဝင်သူများကို စုံစမ်းစစ်ဆေးရန် စစ်ဆေးရေးကော်မတီ ဖွဲ့စည်းသွားရန် ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က အမိန့်ပေးခဲ့ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့ဒုတိယအကြီးအကဲဖြစ်သူ ရဲချုပ်ကြီး Hakparn သည် တရားမဝင် အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်နေကြောင်း စွပ်စွဲမှုများထွက်ပေါ် လာခဲ့ပြီးနောက် ထိုင်း ဆိုက်ဘာရဲတပ်ဖွဲ့က စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
အဖွဲ့ဝင် ၃၀ ဦးပါဝင်သော ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့သည် တရားရုံး၏ ရှာဖွေဝရမ်းနှင့်အတူ ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲပိုင်ဆိုင်သော အိမ်ခြောက်လုံးကို စီးနင်းရှာဖွေခဲ့ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့ဒုတိယအကြီးအကဲသည် ယခုလကုန်တွင် အငြိမ်းစားယူမည့် ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲနေရာကို အစားထိုးခန့်အပ်ခံရမည့် သူနှစ်ဦးထဲတွင် တစ်ဦးပါဝင်နေသူဖြစ် ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်က “ ကျွန်တော် ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ် Kittiprapas နဲ့ ဆွေးနွေးခဲ့တယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးမှာပါ။ အဲဒီအဖွဲ့ထဲမှာ ထိုင်းရဲတပ်ဖွဲ့ တာ ဝန်ရှိသူတွေအပြင် အခြားလူပုဂ္ဂိုလ်တွေလည်း ပါဝင်ရမှာဖြစ်တယ်။” ဟုပြောသည်။
ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲဖြစ်သူက ၎င်းပိုင်ဆိုင်သော အိမ်ခြောက်လုံးကို ဝင်ရောက်စီးနင်းခြင်းသည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ စီးနင်းရှာဖွေ ခဲ့သော ရဲတပ်ဖွဲ့ဝင်များသည် တရားရုံးကိုလှည့်စားကာ စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။
ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ထိုင်းရဲတပ်ဖွဲ့ဒုတိယအကြီးအကဲ၏ နေအိမ်ကို စီးနင်းခြင်းသည် ၎င်း၏ရဲတပ်ဖွဲ့အကြီးအကဲနေရာကို ဆက်ခံမည့်ကိစ္စနှင့် ဆက်နွယ်မှုမရှိကြောင်း ပြောသည်။
ကောင်းထက်ငွေ
ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ၏ နေအိမ်ကို စီးနင်းရှာဖွေခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားရန် ထိုင်းဝန်ကြီးချုပ် အမိန့်ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်