ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ ဝင်ငွေခွန်နှစ်ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက(ယနေ့)ဒီဇင်ဘာ ၁၄ ရက်၊ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
“ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ နိုင်ငံ့ဝင်ငွေခွန် မဖြစ်မနေ နှစ်ရာခိုင်နှုန်းပေးဆောင်ရမယ်။ အဲဒီဝင်ငွေခွန်ကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက စတင်ပြီး ပေးဆောင်ရမှာပါ။ လစဥ်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ထိုင်းဘတ် ၁၅၀ ဖြစ်ပါတယ်။” ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးမွေမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများအနေဖြင့် လစဉ်ဝင်ငွေခွန် နှစိရာ ခိုင်နှုန်းကို ထိုင်းဘတ် ၁၅၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို လစဥ်ပေးဆောင်ထားသည့် မြန်မာလုပ်သားများအနေဖြင့် လစဉ်ဘတ် ၇၅၀၀ နှင့်ညီမျှသော မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိ မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အမိနိုင်ငံ၌ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ်စသည့်တို့ကို ဝယ်ယူရာတွင် စုဆောင်းထားသည့် ငွေဖြူစာရင်းပေါ်တွက်ချက်၍ ဝင်ငွေခွန်လျော့ပေါ့ပေးခြင်းကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
လစဥ် ဝင်ငွေခွန် ထမ်းဆောင်ထားသူများအနေဖြင့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် QR Code အမှတ်သားပါရှိသည့် အခွန်ပေးသွင်းမှုအထောက်အထားလက်မှတ်ကို ပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ထိုင်းနိုင်ငံတွင် ဖမ်းဆီခံထားရသည့် တရားမဝင် မြန်မာလုပ်သားများ (ပုံဟောင်း)
ထိုင်းမှ မြန်မာလုပ်သားများ ဝင်ငွေခွန်နှစ်ရာခိုင်နှုန်း ပေးဆောင်ရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်