ဘန်ကောက်၊ မေ ၂၉
ထိုင်းရှေ့နေချုပ်ရုံးသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စွဲချက်တင်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
သက်ဆင်သည် ၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တောင်ကိုရီးယားနိုင်ငံကို သွားရောက်သောခရီးစဉ်အတွင်း ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်သော စကားများပြောဆိုခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် တရားစွဲဆိုရန် သင့်/မသင့်ဆိုသောအချက်ကို ရှေ့နေချုပ်ရုံးထံ တိုင်တန်းခဲ့ကြောင်း သိရသည်။
သို့သော်လည်း ထိုင်းရှေ့နေချုပ်ရုံးသည် သက်ဆင်ကို တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့သော်လည်း အမှုကို ဇွန်လ ၁၈ ရက်နေ့မတိုင်ခင် မစစ်ဆေးဘဲ ရွှေ့ဆိုင်းထားရန်ဆုံးဖြတ်ထားကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ခံရသောလက္ခဏများရှိနေသည့်အတွက် အနားယူရန်လိုအပ်နေသဖြင့် ဇွန်လ ၁၈ ရက်နေ့မတိုင်ခင် အမှုစစ်ဆေးခြင်းများ မလုပ်ဆောင်ရန် ၎င်း၏ဆရာဝန်များက အကြံပြုထားသည်။
သံသယရှိသူတစ်ဦးကို ထိုင်းရှေ့နေတစ်ဦးက တရားစွဲဆိုမည်ဆိုလျှင် ထိုင်းတရားရုံးက စုံစမ်းစစ်ဆေးမှုမလုပ်ဆောင်ခင် ၎င်းကို တရားရုံးသို့ ချက်ချင်းခေါ်ဆောင်ရမည်ဖြစ်ကြောင်းသိရသည်။
သက်ဆင်၏ရှေ့နေသည် မေလ ၂၈ ညပိုင်းက အမှုစုံစမ်းစစ်ဆေးမှုများကို အနည်းဆုံး ဇွန်လ ၂၅ ရက်နေ့အထိ ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
သက်ဆင်၏ရှေ့နေများက ဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ခံနေရသည့်အတွက် စုံစမ်းစစ်ဆေးမှုများကို ရွှေ့ဆိုင်းရန်တောင်းဆိုခြင်းဖြစ်ကြောင်း၊ ဆရာဝန်များကလည်း သက်ဆင်ကို အနည်းဆုံးသီတင်းပတ်တစ်ပတ်ကြာ အနားယူရန်တောင်းဆိုထားကြောင်း သိရသည်။
ကောင်းထက်ငွေ
thaipbsworld.com
ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မှုဖြင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တရားစွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်