ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်ဒဏ်မှပြန်လည်လွှတ်မြောက်လာခဲ့ပြီး နောက်တစ်ရက်အကြာတွင် ထိုင်းဘုရင့်စနစ်ကို ဝေဖန်တိုက်ခိုက်ခဲ့သည်ဆိုသော မှတ်ချက်စကားကြောင့် ထိုင်းအစိုးရရှေ့နေအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်ဆင်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုအပြင် အာဏာအလွဲသုံးစားမှု လုပ်ဆောင်ခဲ့သည်ဆိုသော စွဲချက်များကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်သည်။
အသက် ၇၄ နှစ်အရွယ်ရှိ သက်ဆင်သည် ထိုင်းရဲတပ်ဖွဲ့အထူးဆေးရုံတွင် ၆ လကျော်ကြာ နေထိုင်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း သက်ဆင်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်ခဲ့ဖူးသော မှတ်ချက်စကားကြောင့် ထိုင်းအစိုးရအဖွဲ့ ရှေ့နေများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရရှေ့နေရုံး ညွှန်ကြားရေးမှူးချုပ် Preecha Sudsanguan က “ ကျွန်တော် သူနဲ့ဆွေးနွေးချိန်မှာ သူရဲ့အသံကိုကောင်းကောင်းမကြားရဘူး။ သက်ဆင်ဟာ အမှန်တကယ် ကျန်းမာရေးမကောင်းတဲ့ပုံစံမျိုးရှိနေတယ်။ သူရဲ့လည်ပင်းနဲ့ လက်တွေမှာလည်း ကြိုးတစ်ချောင်းရှိနေတယ်။ သက်ဆင်ဟာ ကောင်းမွန်စွာ လမ်းမလျှောက်နိုင်ဘူး။” ဟု ပြောသည်။
သက်ဆင်၏ ကျန်းမာရေးအခြေနေနှင့်ပတ်သက်ပြီး မိသားစုအပြင် ဆရာဝန်များကလည်း အတိအကျသတင်းထုတ်ပြန်ခြင်းမရှိဘဲ မည်သည့်ရောဂါခံစားနေရသည်ကို မည်သူမျှအတိအကျမသိသေးကြောင်း သိရသည်။
သက်ဆင်သည် ပြည်ပနိုင်ငံတွင် ၁၅ နှစ်နီးပါးကြာ ပြည်ပြေးအဖြစ်နေထိုင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် မိခင်နိုင်ငံသို့ပြန်လာကာ ပြစ်ဒဏ်ခံယူခဲ့ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့က သက်ဆင်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ဂျပန်နိုင်ငံခရီးစဉ်တွင် ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်ခဲ့ဖူးကြောင်း ပြောကြားသည်ဟု မကြာသေးမီက သတင်းများထွက်ပေါ်ခဲ့သည်။
ကောင်းထက်ငွေ
alarabiya.net/News
ထိုင်းဘုရင်စနစ်ကို ဝေဖန်ခဲ့သောကြောင့် သက်ဆင်နှင့် ထိုင်းအစိုးရရှေ့နေအဖွဲ့ရုံးတို့ ဆွေးနွေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်