ထိုင်းဖုန်းနံပါတ်များဖြင့် ဖွင့်ထားသည့် Kpay အကောင့်များကို ဝန်ဆောင်မှု ယာယီဆိုင်းငံ့မည်

ရန်ကုန်၊ မတ် ၂၀

ထိုင်းနိုင်ငံတွင် ရောက်ရှိနေထိုင်ကြပြီး ထိုင်းဖုန်းနံပါတ်များဖြင့်ဖွင့်ထားသည့် Kpay အကောင့်များ၏ ငွေလွှဲဝန်ဆောင်မှုများအား ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း KBZ Pay Call Centre မှအသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် မူဝါဒပြောင်းလဲမှုများအရ KBZPay ဝန်ဆောင်မှုများအား ပြည်တွင်းမြန်မာဖုန်းနံပါတ်ဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ ဒါကတော့ အကြောင်းရှိလို့ပိတ်လိုက်တာ။ ထိုင်းမှာရောက်နေတဲ့ MoU လုပ်သားတွေလည်း ထိုင်းဆင်းကတ်တွေနဲ့ Kpay ဖွင့်ပြီး သူတို့အိမ်ကိုငွေလွှဲကြတာ။ နောက်တစ်ခုက ဟိုဘက်ရောက်နေတဲ့ တော်လှန်ရေးသမားတွေကလည်း အလှူခံတာတွေရှိတော့ Kpay နဲ့ပဲ အလုပ်လုပ်ကြတာများတယ်။ အဓိက အဲဒါတွေကိုပိတ်ချင်လို့ ဒီလိုလုပ်တာနေမယ်။” ဟု KBZ Pay အသုံးပြုသူတစ်ဦးက ပြောသည်။

KBZPay အကောင့်ကို (+66) ဖုန်းနံပါတ်ဖြင့် အသုံးပြုနေသူဖြစ်ပါက မတ် ၁၉ ရက်နေ့မှစတင်ကာ အသုံးပြုလို့ရတော့မည်မဟုတ်ကြောင်း၊ KBZPay အကောင့်အား အဆင်ပြေစွာဆက်လက်အသုံးပြုနိုင်ရန်အတွက် မြန်မာဖုန်းနံပါတ်ဖြင့် ပြောင်းလဲအသုံးပြုရန်လိုအပ်ပြီး၊ ဖုန်းနံပါတ်ပြောင်းလဲရန် KBZPay Application ထဲရှိ “ဖုန်းနံပါတ်ပြောင်းရန် Function တွင် လုပ်ဆောင်ရမည့် အဆင့်တစ်ခုချင်းစီအားလိုက်နာ၍ လွယ်ကူစွာပြောင်းလဲနိုင်ကြောင်းလည်း သိရသည်။

သို့သော် ထိုကဲ့သို့ ဖုန်းနံပါတ်ပြောင်းလဲနိုင်ရန်အတွက် ဗားရှင်းအသစ်ထွက်ရှိမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ဗားရှင်း 5.8.1 မထွက်ရှိသေးခင်ကာလအတွင်း ဖုန်းနံပါတ်အား အမြန်ပြောင်းလဲတပ်ဆင်လိုပါက Virtual Customer Support ဖြင့် Booking ပြုလုပ်ပြီး ဝန်ဆောင်မှုရယူနိုင်ကြောင်း သိရသည်။

ထို့ပြင် KBZPay App အား အသုံးပြုသူများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာရှိပါက query@kbzpay.com သို့ email ပေးပို့၍ဖြစ်စေ၊ 3211 သို့ ဖုန်းဆက်သွယ်၍ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

#စုစု

ဓာတ်ပုံ – KBZ

#ယနေ့ခေတ်

ထိုင်းဖုန်းနံပါတ်များဖြင့် ဖွင့်ထားသည့် Kpay အကောင့်များကို ဝန်ဆောင်မှု ယာယီဆိုင်းငံ့မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.