ဘန်ကောက်၊ မေ ၁၄
ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် လုံခြုံရေးတင်းကြပ်သွားမည်ဖြစ်ကြောင်း မေလ ၁၂ ရက်နေ့က ထိုင်းအမှတ် ၉ ခြေလျင်တပ်ရင်းကို ရောက်ရှိလာချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က “ မူးယစ်မှောင်ခိုတင်သွင်းတာတွေ၊ ကုန်စည်အတုတွေ စတဲ့ပြသာနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နယ်စပ်ဒေသလုံခြုံရေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမယ်။ ကျွန်တော်တို့ဟာ တရားမဝင်ကုန်စည်တင်သွင်းတာတွေကို ရှာဖွေဖို့ X-ray စက်တွေအပြင် ဒရုန်းတွေလိုမျိုး အဆင့်မြင့်နည်းပညာတွေကို အသုံးပြုသွားမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးဘေးကင်းစေဖို့ အရာရာတိုင်းကို လုပ်ဆောင်မယ်။” ဟု ပြောသည်။
ထိုင်းဝန်ကြီးချုပ်က အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်နှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသော မြန်မာနိုင်ငံသားများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ပိုမိုပေးနိုင်ရန် ပြင်ဆင်နေကြောင်း ပြောသည်။
ထိုင်းနှင့်နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်က ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်က ၎င်းအနေဖြင့် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသ အခြေနေများနှင့်ပတ်သက်ပြီး လက်ရှိလုပ်ဆောင်နေသော အစီမံများအပြင် တပ်မှူးများ၏ အဆိုပြုကမ်းလှမ်းချက်များကိုလည်း လက်ခံရရှိထားကြောင်း ပြောသည်။
၎င်းက “ နေရပ်စွန့်ခွာသူတွေကို ကူညီထောက်ပံ့ပေးဖို့ ပြင်ဆင်နေတယ်။ နေရပ်စွန့်ခွာသူအရေအတွက်ကိုလည်း တိုးမြှင့်လက်ခံဖို့ စီစဉ်နေတယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
nationthailand.com/news
ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက်ကို လုံခြုံရေးတင်းကြပ်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်