ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရန် နယ်မြေလုံခြုံရေး စိုးရိမ်နေကြောင်း ကုန်သည်များ ဆို

ရန်ကုန်၊ဇန်နဝါရီ ၂၈

လာမည့်ဖေဖော်ဝါရီလမှစတင်၍ အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ပြောင်း တင်ပို့ခွင့်ရမည်ဖြစ်သော်လည်း ကုန်သည်များအနေဖြင့် နယ်မြေလုံခြုံရေးနှင့် ပတ်သတ်၍ စိုးရိမ်မှုများရှိနေကြောင်း ပြောင်းကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။

“ အခုတောင် နယ်စပ်ပြောင်းတင်ပို့မှုက ရပ်တန့်လုနီးပါးဖြစ်နေတာ။ မကြာခင်ဆို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ရတော့မှာ။ ရေကြောင်းနဲ့လည်း ပြောင်းကိုတင်ပို့ပါတယ်။ ဒါပေမယ့် နယ်စပ်က သွားတာအများဆုံးပေါ့။ တချို့ကုန်သည်တွေကတော့ လမ်းမှာအခက်အခဲဖြစ်မှာ၊ လုံခြုံရေးစိတ်မချရမှာကို စိုးရိမ်နေကြတာပေါ့။” ဟု ပြောင်းလုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့်ပြောင်းကို တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ယခုအခါ တိုက်ပွဲများကြောင့် တင်ပို့မှုမရှိသလောက်ဖြစ်နေကြောင်း သိရသည်။

ထို့ပြင် ဈေးကွက်အတွင်း ပြောင်းဈေးနှုန်းမှာ ကျဆင်းနေပြီး၊ ဇန်နဝါရီလဆန်းပိုင်း၌ ပြောင်းဆံတစ်ပိဿာလျှင် ၁၁၈၀ ကျပ်မှ ကျပ် ၁၂၀၀ ကြားပေါက်ဈေးရှိခဲ့ရာမှ လက်ရှိတွင် တစ်ပိဿာလျှင် ၁၁၅၀ ကျပ် မှ ၁၁၇၀ ကျပ်အထိသို့ စျေးကျဆင်းနေကြောင်း သိရသည်။

ထို့ပြင် လာမည့် ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ်လကုန်အထိ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မည်ဖြစ်ကြောင်းသိရပြီး ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းနီးပါး တင်ပို့ထားကြောင်း သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၏ ဇန်နဝါရီလမှ ဧပြီလအထိ ပြည်ပဈေးကွက်သို့ ပြောင်းတန်ချိန် ခုနှစ်သိန်းဝန်းကျင် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပြောင်းကို ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်ရှ်နှင့် အာဖရိကတိုက်ရှိ နိုင်ငံအချို့သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရန် နယ်မြေလုံခြုံရေး စိုးရိမ်နေကြောင်း ကုန်သည်များ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.