ထိုင်းနိုင်ငံသို့ တရားမဝင် လုပ်သားပို့ဆောင်နေသူ ၄၀၀ နီးပါးကို တရားစွဲထား

ရန်ကုန်၊ ဒီဇင်ဘာ ၁

ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် လုပ်သားပို့ဆောင်ခဲ့သူ ၃၉၂ ဦးကို တရားစွဲထားပြီး ၎င်းတို့ထဲမှ ၈ ဦးသည် ဗီဇာအတုပြုလုပ်၍ ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သူများဖြစ် ကြောင်း နစကမှထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်မရှိဘဲ လုပ်သားစေလွှတ်ခြင်း၊ စုဆောင်းခြင်း၊ ဝန်ဆောင်ခများ ကောက်ခံခြင်းတို့ကို တိုင်ကြားစာအလိုက် အလုပ်သမားဝန်ကြီးဌာနက စိစစ်ပြီး၊ စုံစမ်းရေးအဖွဲ့ဖွဲ့၍ တရားစွဲဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“ထိုင်းကို အလုပ်သွားလုပ်မယ်ဆိုရင် MOU နဲ့ တရားဝင်သွားတာ အကောင်းဆုံးပဲ။ လက်ရှိတော့ ထိုင်းနိုင်ငံဘက်က လုပ်သားခေါ်စာ မလာသေးဘူး။ ထိုင်းမှာအသိရှိလို့ သွားတဲ့သူ တွေလောက်ပဲ အဆင်ပြေတယ်။ တခြားနည်းလမ်းနဲ့ အလုပ်သွားလုပ်မယ်ဆိုရင် အဆင်မပြေနိုင်ဘူး။” ဟု ရန်ကုန်မြို့ရှိ လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ပုံစံမျိုးစုံဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားထောင်ချီကာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို မကြာခဏခံနေရကြောင်း သိရသည်။

လက်ရှိတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ တရားမဝင်လုပ်သားများ စေလွှတ်ခြင်းကြောင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ တရားစွဲဆိုထားမှု မှာ ၃၃၇ မှုနှင့် လူပုဂ္ဂိုလ် ၅၇၅ ဦးရှိကြောင်း နစက၏ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – အင်တာနက်

ပုံစာ – ထိုင်းနိုင်ငံတွင်ဖမ်းဆီးခံရသည့် အထောက်အထားမဲ့ မြန်မာလုပ်သားများ

#ယနေ့ခေတ်

ထိုင်းနိုင်ငံသို့ တရားမဝင် လုပ်သားပို့ဆောင်နေသူ ၄၀၀ နီးပါးကို တရားစွဲထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.