ဘန်ကောက်၊ မတ် ၅
လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် ဝီဂါလူမျိုး ၄၈ ဦးကို ပြန်လည်နေရာချထားရန် ကနေဒါနှင့် အမေရိကန်တို့က ကမ်းလှမ်းထားသော်လည်း ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်အပတ်က ၎င်းတို့အား လျှို့ဝှက်စွာပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူများက တောင်းဆိုထားသော်လည်း အဆိုပါ ဝီဂါလူမျိုး ၄၈ ဦးကို တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးခြင်းသည် တရားဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်ဟု ထိုင်းနိုင်ငံက ကာကွယ်ပြောဆိုခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့များသည် တရုတ်နိုင်ငံ၏အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ မွတ်စလင်ဘာသာဝင် ဝီဂါလူမျိုး ၁၀ သန်းခန့်အပေါ် ကျယ်ကျယ်ပြန့်ပြန့် ညှင်းပန်းနှိပ်စက်မှုများရှိနေကြောင်း တရုတ်နိုင်ငံကို စွပ်စွဲထားသည်။ သို့ရာတွင် မည်သည့်ချိုးဖောက်မှုမျိုးမှ ကျူးလွန်ခြင်းမရှိကြောင်း တရုတ်နိုင်ငံက ငြင်းဆိုထားသည်။
ဝီဂါတွေကို ပြန်လည်နေရာချထားဖို့ ဘယ်နိုင်ငံမှ ခိုင်မာတဲ့ကမ်းလှမ်းမှုမျိုး မလုပ်ခဲ့ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ဝီချရာချိုင်းက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ၁၀ နှစ်ကျော်စောင့်ခဲ့ရပြီး နိုင်ငံကြီးတော်တော်များများနဲ့ စကားပြောဖူးပေမယ့် ဘယ်သူမှသေချာမပြောခဲ့ဘူး။” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဝီဂါ ၄၈ ဦးကို ပြန်လည်နေရာချထားရန် အမေရိကန်ကကမ်းလှမ်းထားကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ဝီဂါ ၄၀ ဦး တရုတ်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။ လက်ရှိတွင် အခြားဝီဂါငါးဦးသည် ထိုင်းအကျဉ်းထောင်တွင် ရာဇ၀တ်မှုများကြောင့် ဆက်လက်ရှိနေကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောသည်။ အခြားဝီဂါသုံးဦး၏ တည်နေရာကို ချက်ချင်းအတည်မပြုနိုင်သေးကြောင်း ရိုက်တာက သတင်းထုတ်ပြန်သည်။
Ref: Bangkok Post
#ယနေ့ခေတ်
ထိုင်းနိုင်ငံရှိ ဝီဂါလူမျိုးများကို ကနေဒါနှင့် အမေရိကန်တို့က ခိုလှုံခွင့်ပေးရန်ကမ်းလှမ်းခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်