ဘန်ကောက်၊ ဒီဇင်ဘာ ၁၈
ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်မှ အလုပ်လက်မဲ့မြန်မာတစ်ဦး ထိုင်းထီပထမဆု ဘတ် ၁၂ သန်း ဆွတ်ခူးရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ဒီဇင်ဘာ ၁၈ ရက်နေ့စွဲဖြင့် သတင်း ရေးသားထားသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဒီဇင်ဘာ ၁၆ ရက်တွင်ထွက်ရှိခဲ့သည့် ထိုင်းထီပထမဆု ပေါက်ဂဏန်း ၀၉၇၈၆၃ နှစ်စောင်တွဲပေါက်ခဲ့သဖြင့် ဆုငွေဘတ် ၁၂ သန်းရရှိသွားကြောင်း၊ အဆိုပါဆုငွေကို MHAC က ကူညီထုတ်ယူပေးခဲ့ကြောင်း သိရသည်။
“ ထိုင်းမှာ အလုပ်လက်မဲ့ပြီး စိတ်ညစ်ညစ်နဲ့ နှစ်စောင်တွဲထီကိုထိုးလိုက်တာ ထိုင်းထီပထမဆုကို ဆွတ်ခူးရရှိသွားပါတယ်။ ထီပေါက်တာသိသိချင်း အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ကျွန်တော်တို့ MHAC မဟာမိတ်အဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းခံလာပါတယ်။ ထီဆုကို ဒီဇင်ဘာ ၁၇ ရက်မှာ ထီဆုငွေထုတ်ပေးတဲ့ဘဏ်မှာ နေ့ချင်းပြီး ကူညီထုတ်ပေးလိုက်ပါတယ်။” ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသည့် MHAC မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ထိုင်းထီဆုပေါက်သူ ဇနီးမောင်နှံတို့သည် မန္တလေးတိုင်းဒေသကြီးမှဖြစ်ပြီး ထိုင်းနိုင်ငံ၊ ချွန်းပူးရီးရှိ ကွန်ပျူတာအပိုပစ္စည်းစက်ရုံ၌ နှစ်ပေါင်း ၁၂ နှစ်ကြာ အလုပ်ဝင်ရောက်လုပ်ကိုင်ရင်းမှ အသက်အရွယ်ကြောင့် စက်ရုံကအလုပ်အနားပေးခံထားရသူများဖြစ်ကြောင်း သိရသည်။
အလုပ်လက်မဲ့ဖြစ်ပြီး ချွန်းပူးရီး၊ ဝပ်ဖရောင်းဘုန်းကြီးကျောင်းတွင် တံမြက်လှည်း၊ ပန်းကပ်၊ သောက်တော်ရေကပ် စသည့်ဘုရားဝေယျာဝစ္စများ လုပ်ကိုင်နေထိုင်ရင်းမှ ထိုင်းထီနှစ်စောင်တွဲအား ကံစမ်းကြည့်ရာ ပထမဆုဘတ် ၁၂ သန်းကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ဘန်ကောက်ပို့စ်
ထိုင်းနိုင်ငံရောက် အလုပ်လက်မဲ့မြန်မာတစ်ဦး ထိုင်းထီပထမဆု ဘတ် ၁၂ သန်း ဆွတ်ခူး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်