ဘန်ကောက်၊ ဧပြီ ၂၂
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ နစ်နာကြေးခံစားခွင့်အတွက် နစ်နာကြေးဆိုင်ရာဥပဒေ (ဘီအီး) ၂၅၃၇ ကို ထိုင်းနိုင်ငံက ပြဌာန်းသတ်မှတ်ခဲ့ပြီး အလုပ်သမား(လုပ်ခယူ၍ အလုပ်လုပ်သူ)တိုင်းသည် (အိမ်ဖော်မပါဝင်ပါ) အလုပ်ရှင်အတွက် အလုပ်လုပ်ပေးနေရင်း ထိခိုက်ဒဏ်ရရခြင်း၊ ဖျားနာခြင်း၊ ပျောက်ဆုံးခြင်း၊ သေဆုံးခြင်းဖြစ်ပါက နစ်နာကြေးခံစားခွင့်ရှိစေရမည်ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်က ဧပြီ ၂၂ ရက်၊ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
“ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နစ်နာကြေးဆိုင်ရာကိစ္စများကို ဖြေရှင်းလုပ်ဆောင်ပေးတဲ့ဌာနဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ လူမှုဖူလုံရေးအာမခံဌာနဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းထိခိုက်အလုပ်သမားအနေနဲ့ နစ်နာကြေးခံစားခွင့်ရှိပါတယ်။” ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုကြောင့် ကုသရသောဆေးကုသစားရိတ်၊ လုပ်ငန်းခွင်ကြောင့်ထိခိုက်ခြင်း (သို့မဟုတ်) ရောဂါရခြင်းကြောင့် အလုပ်ကို သုံးရက်ထက်ပို၍နားရလျှင် အလုပ်နားခနစ်နာကြေး၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကြုံရခြင်းအတွက် နစ်နာကြေး၊ ဘေးအန္တရာယ် ကြုံတွေ့ပြီးနောက် ပြန်လည်ထူထောင်ရခြင်းအတွက် နစ်နာကြေးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
လက်ရှိ လုပ်ငန်းခွင်တွင်ထိခိုက်ဒဏ်ရာရှိပြီး ပကာန်ဆာခုမ် မရှိသောကြောင့် နစ်နာကြေးခံစားခွင့်နှင့်ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားများ သိရှိနားလည်နိုင်စေရန် ရည်ရွယ်ကာ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်က ထုတ်ပြန်အသိပေးခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်
ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရခြင်းအတွက် နစ်နာကြေးဆိုင်ရာအခွင့်အရေးများ အသိပေးထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်