ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားသုံးဦးအား ရိုက်နှက်၍ ထိုင်းရဲက ဘတ်​တစ်သိန်း​တောင်း ဟုဆို

ဘန်ကောက်၊ အောက်တိုဘာ ၂၇

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ရဲတပ်ဖွဲ့ဝင်များက မြန်မာလုပ်သားသုံးဦးအား ဖမ်းဆီးကာ ကိုယ်ထိလက်​ရောက် ရိုက်နှက်၍ ဘတ်တစ်သိန်း ခြိမ်းခြောက်​တောင်းဆိုခဲ့​ကြောင်း ထိုင်းနိုင်ငံရှိ The Nation Thailand သတင်းဌာန၏ ​ဖော်ပြချက်အရ သိရသည်။

အဆိုပါ မြန်မာလုပ်သားသုံးဦးအား ကိုယ်ထိလက်​ရောက် ရိုက်နှက်ခြိမ်း​ခြောက်ကာ ​ငွေ​ညစ်တောင်းခံခဲ့သည့် ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့်စပ်လျဥ်း၍ ဘန်ကောက်အခြေစိုက် လူမှုအဖွဲ့ အစည်းတစ်ခုဖြစ်သည့် “Saimai Survive” အဖွဲ့ထံသို့ လာရောက်တိုင်ကြားခဲ့ကြောင်း ၎င်းအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် ​အောက်တိုဘာ ၂၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထား​ကြောင်း သိရသည်။

မြန်မာလုပ်သားများ တိုင်ကြားမှုအပြီးတွင် Saimai Survive အဖွဲ့က ထိုင်းရဲများ၏ ကိုယ်ထိလက်​ရောက် ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မြန်မာအမျိုးသားတစ်ဦး၏ ကျော ပေါ်ရှိ ဒဏ်ရာအား မှတ်တမ်းဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်တွင် မျှဝေခဲ့​ကြောင်း သိရသည်။

ချွန်ဘူရီခရိုင်၊ ဘော်ဝင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂၂ ရက်တွင် မြန်မာလုပ်သားသုံးဦးကို ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်နေသည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံရှိ The Nation Thailand သတင်းဌာနက ​ဖော်ပြခဲ့သည်။

“ မြန်မာနိုင်ငံသား​တွေ ထိုင်းရဲစခန်းကို ခေါ်ဆောင်သွားခဲ့တယ်။ ရဲတပ်ဖွဲ့ဝင်​တွေက မြန်မာအလုပ်သမားသုံးဦးကို တစ်ခန်းစီသီးခြားထားပြီး စစ်ဆေးတယ်။ သံချောင်းနဲ့ ရိုက်နှက်ပြီး အတင်းအဓမ္မ ဝန်ခံခိုင်းခဲ့တယ်။ မြန်မာလုပ်သား​တွေက ဘန်ကောက်မြို့၊ ဘန်နားဒေသမှာ နေထိုင်သူ​တွေဖြစ်ပါတယ်။ ချွန်ဘူရီခရိုင် ဘော်ဝင်းဒေသကို လာလည်ရင်း ဖမ်းဆီးခံရ တာလို့ ထွက်ဆိုကြပါတယ်။ မြန်မာလုပ်သားတစ်ဦးရဲ့ ဖုန်းကိုစစ်ဆေးတဲ့အခါမှာ ဘဏ်အကောင့်ထဲ ဘတ် ၅၀,၀၀၀ နဲ့အထက်တွေ့ရှိခဲ့ပြီး ကျန်နှစ်ဦးရဲ့ ဘဏ်အကောင့်​တွေလည်း စစ်ဆေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အမှုကိုပိတ်သိမ်းပေးမယ်လို့ ကတိပေးပြီး ဘတ်တစ်သိန်းပေးဖို့ တောင်းခံခဲ့တယ်။” ဟု ထိုင်းနိုင်ငံ​ရောက် မြန်မာအလုပ်သမား ကူညီ​စောင့်​ရှောက်​ရေး ACC အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

လက်ရှိ မတရားဖမ်းဆီး ရိုက်နှက်ခံရသူ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်လုပ်ကိုင်နေကြောင်းနှင့် အထောက်အထားများဖြင့် သက်သေပြခဲ့သော်လည်း ရဲတပ်ဖွဲ့ဘက်က ငြင်းဆိုခဲ့ကြောင်း ထိုင်းနိုင်ငံအ​ခြေစိုက် သတင်းဌာနများက ​ဖော်ပြခဲ့ကြသည်။

ဖမ်းဆီးခံရ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးအတွက် ဘတ်တစ်သိန်းကို ပေးချေခဲ့ရပြီး ထိုင်းရဲတပ်ဖွဲ့များက ATM မှ တစ်ဆင့် ထုတ်ယူခဲ့ကြကြောင်းနှင့် အမှုနှင့်ပက်သက်၍ အခင်းဖြစ်သည့်နေ့တွင် တာဝန်ကျသော ရဲတပ်ဖွဲ့ဝင်အားလုံးကို စုံစမ်းစစ်ဆေးနေဆဲဖြစ်​ကြောင်း ဘော်ဝင်ရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောဆိုကြောင်း ထိုင်းအ​ခြေစိုက် ​ဒေသတွင်းသတင်းဌာနများတွင် ဖော်ပြခဲ့သည်။

မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားသုံးဦးအား ရိုက်နှက်၍ ထိုင်းရဲက ဘတ်​တစ်သိန်း​တောင်း ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.