ထိုင်းနိုင်ငံတွင် ပစ်ကပ်ယာဥ်တစ်စီးတိမ်းမှောက် မြန်မာရွေ့ပြောင်းလုပ်သားလူခုနှစ်ဦး ​သေ​ဆုံး

ဘန်​ကောက်၊ နိုဝင်ဘာ ၂၁

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Bang Len ခရိုင် ၊ Wat Koh Rat ရှေ့လမ်းကွေ့တွင် နိုဝင်ဘာ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီက ပစ်ကပ်ယာဥ်တစ်စီးအရှိန်လွန်ပြီး လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိခြင်း​ကြောင့် ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဥ်မောင်းအပါအဝင်လူခုနှစ်ဦး သေဆုံးသွားခဲ့​ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ​ဖော်ပြခဲ့သည်။

ပစ်ကပ်ယာဥ်​ပေါ် လိုက်ပါစီးနှင်းသူများသည် မြန်မာ​ရွှေ့​ပြောင်းလုပ်သားများဖြစ်​ကြောင်း ကယ်ဆယ်ရေးအဖွဲ့၏ ပြောဆိုချက်အရ သိရသည်။

“ ယာဉ်ပေါ်မှာ အလောင်းနှစ်လောင်းနဲ့ ရှေ့ထိုင်ခုံမှာတစ်​လောင်း။ ကုန်တင်ခန်းအတွင်းတစ်​လောင်း။ ကျန်​လေး​လောင်းက လမ်းဘေးမြောင်းထဲမှာ တွေ့ရှိခဲ့ရပါတယ်။ အသက်ရှင်လျက်ကျန်ရစ်သူ မရှိခဲ့ပါဘူး။ ထိုင်းအာဏာပိုင်​တွေရဲ့စိစစ်ချက်အရ မြန်မာ​ရွှေ့​ပြောင်းလုပ်သား​တွေပါ။” ဟု ရွှေ့​ပြောင်းလုပ်သားများကူညီ​စောင့်​ရှောက်​ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါပစ်ကပ်ယာဥ်​မောင်းသည် ထိုင်းအာဏာပိုင်များက ​ရှောင်တခင်ရပ်တန့်စစ်​ဆေးခြင်းကို လိုက်နာ​ခြင်းမရှိဘဲ အရှိန်ပြင်းစွာမောင်းနှင်ထွက်​ပြေးရာမှ ယာဥ်တိမ်းမှောက်မှု​ဖြစ်ပွားခဲ့​ကြောင်း သိရသည်။

သေဆုံးသူများကို မည်သူမည်ဝါသိရှိနိုင်ရန် Bang Len ရဲတပ်ဖွဲ့ကစစ်ဆေးခဲ့ရာ သေဆုံးခဲ့သည့်ယာဥ်မောင်းအနီးတွင် အောင်အောင်ဦးအမည်ရှိ (အသက် ၂၀ နှစ်) ယာဥ်မောင်းလိုင် စင်၊ မြောင်းအတွင်းမျောနေ​သောခြင်း​တောင်း၊ ရေပုံးတစ်ပုံး၊ မီးဖိုချောင်သုံးပစ္စည်းများနှင့်အတူ ထိုင်းဘတ်​ငွေ ၁၃,၀၀၀ တို့ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုတွင် ယာဥ်မောင်းအပါအဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးငါးဦး သေဆုံးခဲ့​ကြောင်း သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – ဘန်​ကောက်ပို့စ်

ထိုင်းနိုင်ငံတွင် ပစ်ကပ်ယာဥ်တစ်စီးတိမ်းမှောက် မြန်မာရွေ့ပြောင်းလုပ်သားလူခုနှစ်ဦး ​သေ​ဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.