ထိုင်းနိုင်ငံကဦးဆောင်ကျင်းပမည့် အစည်းအဝေးနှစ်ရပ်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည်


ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပမည့် မြန်မာအရေးနှင့်ပတ်သက်သည့် ဒေသအတွင်းအစည်းအဝေးနှစ်ခုကို နစကအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတက်ရောက်မည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာများကို အတည်ပြုပြောကြားသည်။

ထိုင်းအစိုးရက မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသော နိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်အတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဟု အောက်တိုဘာလအတွင်း ပြောဆိုခဲ့ပြီးနောက် ဒီဇင်ဘာ ၁၉ ရက်နှင့် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် မြန်မာအရေးအတွက် အလွတ်သဘောသီးခြားဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စ၊ နယ်စပ်တည်ငြိမ်ရေး၊ နယ်စပ်ဒေသဖြတ်ကျော်မှုခင်းမျာကို ပူးပေါင်းတိုက်ဖြတ်ရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အပြင် ထိုင်းမြန်မာနယ်စပ်တွင် ‘ဝ’ နှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုကိစ္စရပ်ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည့် နယ်ခြားကော်မတီအဆင့်ဆင့်မှတဆင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အလွတ်သဘောတွေ့ဆုံဆွေးပွဲကို မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုအပြင် ထိုင်းနိုင်ငံသည် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် မြန်မာအရေးကိုစိတ်ဝင်စားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပူးပေါင်းပါဝင်မည့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး၊ အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်ရေးနှင့်ပတ်သက်ကာ ဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပဋိပက္ခများဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့သည် အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနှင့်မပတ်သက်သော ကိုယ်စားလှယ်သာ တက်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

#ယနေ့ခေတ်

ပုံစာ- ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa

ထိုင်းနိုင်ငံကဦးဆောင်ကျင်းပမည့် အစည်းအဝေးနှစ်ရပ်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.