ဘန်ကောက်၊ ဒီဇင်ဘာ ၁၅
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများကို မှတ်ပုံတင်ပြီး တရားဝင်အလုပ်လုပ်ကိုင် နေထိုင်ခွင့်ရရှိစေရန် လမ်းကြောင်းများကို တိုးချဲ့ပေးမည်ဟု ရွေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) က ထုတ်ပြန်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာ၏ ဒီဇင်ဘာ ၁၅ ရက်၊ နေ့စွဲဖြင့် သတင်းရေးသားချက်အရ သိရသည်။
နိုင်ငံတကာအဖွဲ့အစည်း IOM နှင့် အခြားကုလသမဂ္ဂအေဂျင်စီခြောက်ခု ပူးပေါင်းရေးသားထားသည့် အစီရင်ခံစာတွင် အိမ်နီးချင်းနိုင်ငံများက ရွေ့ပြောင်းလုပ်သားများကြောင့် ထိုင်းစီးပွားရေးတိုးတက်ဖို့ အဓိကမောင်းနှင်အားဖြစ်ပြီး ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်မှု၊ ရွှေ့ပြောင်းလုပ်သားများ၏ လုပ်ငန်းခွင်အခြေအနေ၊ လူ့အခွင့်အရေး၊ ကျန်း မာရေးစောင့်ရှောက်မှုအပြင် တရားမျှတမှုရရှိစေမည့် အခြေအနေများကို ရှင်းလင်းစွာရေးသားထားခဲ့ကြောင်း သိရသည်။
“ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှဒေသတွင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေ အများဆုံးဝင်ရောက်ရာ ဗဟိုအချက်အချာအဖြစ်ရှိနေပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ၊ ဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေ၊ လူကုန်ကူးခံရသူတွေ ခရီးဆုံးနိုင်ငံကိုမရောက်ခင် ကြားခံနေရာအဖြစ်ရှိနေတယ်။” ဟု IOM တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလာသူများအနက် နိုင်ငံခြားသားအနည်းဆုံး ၅ ဒသမ ၃ သန်းကို လက်ခံထားပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားသားအရေအတွက် ၄ ဒသမ ၉ သန်းထက် ၈ ရာခိုင်နှုန်းတိုးလာကြောင်း IOM ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော ရွှေ့ပြောင်းလုပ်သား ၂ ဒသမ ၃ သန်းကျော်ရှိနေပြီး အများစုက အိမ်နီးချင်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများက ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရ၏ ၂၀၂၃ ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၈ သန်းနီးပါးရှိနေပြီး တရားမဝင် ဝင်ရောက်မှုများနှင့် စာရင်းကောက်ယူရန် အခက်အခဲများကြောင့် မြန်မာနိုင်ငံသားအရေအတွက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ဘန်ကောက်ပို့စ်
ထိုင်းတွင် ရွှေ့ပြောင်းလုပ်သားများ တရားဝင်ဖြစ်မည့်လမ်းကြောင်းများ တိုးချဲ့ပေးမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်