ရန်ကုန်၊ မတ် ၃၀
ထိုင်းနိုင်ငံ၊ ရနောင်းပြည်နယ်ရှိ သံမဏိစက်ရုံတစ်ရုံတွင် ယမန်နေ့ ညနေပိုင်းက ဆောက်လုပ်ရေးကရိန်းပြိုကျခဲ့ရာ မြန်မာလုပ်သားခုနစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် သတင်းဖော်ပြချက်အရ သိရသည်။
မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ မြန်မာလုပ်သားများမှာ ကရိန်းအားသယ်ဆောင်လာစဉ် မတော်တဆဖြစ်ရာမှ ကရိန်းမှာ မီတာ ၁၀၀ ခန့်အမြင့်မှပြုတ်ကျကာ လုပ် သားများအပေါ် ပိမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ခြောက်ဦးမှာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာ ဆေးရုံအရောက်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာလုပ်သားများစုဝေး၍ သေဆုံးသူတစ်ဦးလျှင် ဘတ်ငါးသန်းစီ လျှော်ကြေးပေးရန် အလုပ်ရှင်ထံတောင်းဆိုခဲ့ပြီး သေဆုံးသူအလောင်းအား သယ်ဆောင်ခွင့်မပေးခဲ့ကြောင်း သိရသည်။
အလုပ်ရှင်က ဘတ်ငါးသိန်းသာ လျှော်ကြေးပေးမည်ဟုဆိုရာ မြန်မာလုပ်သားများကလက်မခံ၍ တင်းမာမှုအချို့ရှိခဲ့ပြီး၊ ထိုဖြစ်စဉ်တွင် ကားမှန်တစ်ချက်ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများရောက်ရှိလာကာညှိနှိုင်းပြီး သေဆုံးသူတစ်ဦးလျှင်ဘတ် ၁.၆ သန်းစီကို အလုပ်ရှင်ကပေးအပ်ရန်နှင့် နာရေးကုန်ကျစရိတ်အတွက် တစ်ဦးလျှင် ဘတ်ငါးသိန်းပေးအပ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
“ အဲ့ဒီစက်ရုံကပိုင်ရှင်က အရင်တစ်ခေါက်ကလည်း မြန်မာလုပ်သားတစ်ယောက် ဓါတ်လိုက်ပြီးသေတာကို လျှော်ကြေးမပေးလို့ ဒီတစ်ကြိမ်မှာ မြန်မာလုပ်သားတွေက သူပြောတာကို လက်မခံဘဲ တင်းမာမှုတချို့ ဖြစ်တာ။ နောက်ဆုံး သက်ဆိုင်ရာအဖွဲ့တွေရောက်လာပြီး တစ်နာရီနီးပါးလောက်ညှိလိုက်လို့ သဘောတူညီမှုရသွားတာ။” ဟု ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်အား နယ်မြေရဲတပ်ဖွဲ့၊ အလုပ်သမားကူညီရေးအဖွဲ့များနှင့် အလုပ်ရှင်၊ အလုပ်သမားများ ဝိုင်းဝန်းညှိနှိုင်းပြီးနောက် လျှော်ကြေးပေးရန် သဘောတူညီမှုကို ယမန်နေ့ ညပိုင်းကရရှိခဲ့ကြောင်း သိရသည်။
ထို့နောက်သေဆုံးသူ မြန်မာလုပ်သားခုနစ်ဦး၏ရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Ref: khaosod
မောင်ဇော်
ယနေ့ခေတ်
ထိုင်းတွင် ကရိန်းပြိုကျ၍ မြန်မာလုပ်သားခုနစ်ဦးသေဆုံး၊ တစ်ဦးလျှင် ဘတ် ၁.၆ သန်း လျှော်ကြေးရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်