ဘန်ကောက်၊ နိုဝင်ဘာ ၁၃
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈၀ ကျော်သည် ၎င်းတို့လက်ရှိလုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းမှ ထုတ်ပယ်ခံရသလို ၎င်းတို့လက်ရှိ နေထိုင်နေသည့် နေရာများမှ ဖယ်ပေးရန် ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်နေရကာ တောထဲတွင် သွားရောက်ပုန်းခိုနေရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများက ၎င်းတို့သည် လက်ရှိလုပ်ကိုင်နေသည့် ရနောင်းပြည်နယ် Phananikom အရပ်ဒေသ Soi 10 လမ်းရှိ ဆောက်လုပ်ရေးကုမ္မဏီတွင် လုပ်ကိုင် နေသူများဖြစ်ကြောင်း ပြောသည်။
အလုပ်ရှင်သည် ၎င်းတို့ကို လုပ်ခလစာမပေးသည်မှာ နှစ်လရှိနေပြီး ရရန်ရှိသောလစာများ ပြန်လည်ရရှိရန်အတွက် သက်ဆိုင်ရာအဖွဲ့စည်းများမှ ကူညီပေးစေလိုကြောင်း မြန်မာ အလုပ်သမားများက တောင်းဆိုထားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ခလစာမရသည့်အတွက် အစားအသောက် အခက်ခဲများဖြစ်နေပြီး ထိုင်းနိုင်ငံသား ကျေးရွာသားများ အကူအညီဖြင့် ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်ရှိ အသီးအရွက်များကို ချက်ပြုတ်စားသောက်နေရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာအလုပ်သမား ကိုယ်စားလှယ်တစ်ဦးက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လူပေါင်း ၂၄၀ ကျော်၊ တစ်ရက်ဘတ် ၃၄၀ နှုန်းဖြင့် ခြောက်လကြာ အလုပ်လုပ်ခဲ့ကြောင်း၊ ယခင်က လစာများကို အချိန်မှန်ရရှိခဲ့သော်လည်း လစာများကို နောက်ပိုင်းတွင် အချိန်မှန်မရတော့ကြောင်း ပြောသည်။
လစာများ အပြည့်အဝမရသည်မှာ နှစ်လကျော်ရှိနေပြီဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင့် ကြီးကြပ်ရေးမှူးဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံသားက အောက်တိုဘာ ၁၀ ရက်နေ့ တွင် လစာပေးမည်ဟုဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ လစာများမရသေးကြောင်း မြန်မာနိုင်ငံသား အလုပ်သမားအားလုံးသည် လက်ရှိအချိန်တွင် ငွေကြေးအားလုံး ကုန်ခမ်းနေ ပြီဖြစ်ကြောင်း၊ မြန်မာအလုပ်သမား ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
siamrath.co.th
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၁၈၀ ကျော် အလုပ်ထုတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်