ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈
ထိုင်းနှင့် အမေရိကန်နိုင်ငံတို့ ဦးဆောင်ကျင်းပသော COBRA GOLD 2024 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဖွင့်ပွဲအခမ်းနားကျင်းပခဲ့ရာ မြန်မာနိုင်ငံ ပါဝင်ခဲ့ခြင်းမရှိခဲ့ကြောင်း ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် မြန်မာနိုင်ငံမပါဝင်သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအများစု ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ထိုင်းနိုင်ငံသည် COBRA GOLD 2024 စစ်ရေးလေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အာရှတိုက်ဒေသအတွင်းပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းများတွင် အချိန်အကြာဆုံးပြုလုပ်သော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဖြစ်ကြောင်း သိရသည်။
COBRA GOLD စစ်ရေးလေ့ကျင့်ခန်းအစီစဉ်တွင် ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က အဓိကနိုင်ငံများအဖြစ် ပါဝင်မည်ဖြစ်ပြီး သြစတြေးလျ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဂျာမနီ၊ ဆွီဒင်၊ ကူဝိတ်၊ သိရိလင်္ကာ၊ ဂရိ၊ လာအို၊ ပါကစ္စတန်၊ ဘရာဇီး၊ ဗီယက်နမ်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ မွန်ဂိုလီးယား၊ နီပေါ၊ ဖိဂျီ၊ ဖိလစ်ပိုင်၊ ဘရူးနိုင်းနိုင်ငံတို့လည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်သောနိုင်ငံအချို့သည် ၎င်းတို့ကြိုက်နှစ်သက်ရာ လေ့ကျင့်ခန်းအစီအစဉ်တွင် ပူးပေါင်းလေ့ကျင့်မည်ဖြစ်သည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် နိုင်ငံပေါင်း ၃၀ မှတပ်ဖွဲ့ဝင်ပေါင်း ၉၅၉၀ ဦး ပူးပေါင်းပါဝင်လေ့ကျင့်မည်ဖြစ်ပြီး ထိုင်းနှင့် အမေရိကန်နိုင်ငံတို့က အများဆုံးပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် ပူးပေါင်းပါဝင်သောနိုင်ငံများကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
khaosodenglish.com/news
ထိုင်းကအိမ်ရှင်အဖြစ် လက်ခံကျင်းပသော စစ်ရေးလေ့ကျင့်ခန်းတွင် မြန်မာနိုင်ငံမပါဝင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်