ဘေဂျင်း၊ ဧပြီ ၂၅
ထိုင်ဝမ်ကို စစ်ရေးအကူညီအသစ်များ ထပ်မံပေးခြင်းသည် ထိုင်ဝမ်ကျွန်းတွင် တင်းမာမှုအသစ်များ ထပ်မံဖြစ်လာဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရကို တရုတ်အစိုးရက သတိပေးပြောဆိုလိုက်သည်။
အမေရိကန်လွှတ်တော်သည် ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးနိုင်ငံတို့ကို ကူညီထောက်ပံ့ပေးရန် ခွင့်ပြုပေးခဲ့ပြီးနောက် တရုတ်အစိုးရက အမေရိကန်နိုင်ငံကို သတိပေးခဲ့ခြင်းဖြစ် သည်။
အမေရိကန်လွှတ်တော်၏ ခွင့်ပြုချက်အရ ထိုင်ဝမ်အစိုးရသည် အမေရိကန်ဒေါ်လာ ၈ ဘီလျံ ကူညီထောက်ပံ့ပေးငွေ လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။
ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမည့် အမေရိကန်အစိုးရ၏ အစီအစဉ်သည်အန္တရာယ်များ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း တရုတ်အစိုးရက ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက “ အမေရိကန်ရဲ့အကူညီပေးမယ့် အစီအစဉ်အသစ်ဟာ ထိုင်ဝမ်ရေလက်ကြားကို တင်းမာမှုတွေနဲ့ အန္တရာယ်တွေပိုမိုဖြစ်လာနိုင်ဖွယ်ရှိပါတယ်။” ဟု ပြောသည်။
အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ One-China မူဝါဒကို လက်ခံသည်ဟု လူသိရှင်ကြားကြေညာထားသော်လည်း ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနေကြောင်း သိသည်။
တရုတ်နိုင်ငံက ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်နယ်မြေဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားပြီး ထိုင်ဝမ်က တရုတ်လက်အောက်မှခွဲထွက်ကာ ကိုယ်ပိုင်လွှတ်လပ်ရေးရယူနိုင်ရန် ကြိုး ပမ်းနေကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ အမေရိကန်နိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ပေမယ့် ထိုင်ဝမ်ကံကြမ္မာကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။ အမေရိကန်ဟာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးပြီး တင်းမာမှုအသစ်တွေ ထပ်မံဖြစ်ပွားအောင် မလုပ်ဆောင်သင့်ဘူး။” ဟု ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ရန် စီစဉ်ထားပြီး ယင်းခရီးစဉ်အတွင်း ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
trtworld.com
ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရကို တရုတ်အစိုးရ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်