ထိုင်ဝမ်၊ မေ ၂၀
ထိုင်ဝမ်သမ္မတအသစ် လိုင်ချန်တေးက ထိုင်ဝမ်ကျွန်းအပေါ် ခြိမ်းခြောက်နေသော တရုတ်နိုင်ငံ၏လုပ်ရပ်များကိုရပ်တန့်ရန် သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် တိုက်တွန်းတောင်းဆိုလိုက်သည်။
လိုင်ချန်တေးသည် မေလ ၂၀ ရက်နေ့တွင် ထိုင်ဝမ်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး၊ ထိုင်ဝမ်သမ္မတအသစ်အဖြစ် စတင်တာဝန်ယူမည်ဖြစ်သည်။
ထိုင်ဝမ်သမ္မတအသစ်က တရုတ်အစိုးရအနေဖြင့် ထိုင်ဝမ်အပေါ် စစ်ရေးနှင့် နိုင်ငံရေးခြိမ်းခြောက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် အဓိကဦးစားပေးရွေး ချယ်မည်ဖြစ်သလို၊ တရုတ်အစိုးရအနေဖြင့်လည်း ထိုင်ဝမ်ပြည်သူများ၏ရွေးချယ်မှုကို လေးစားရမည်ဖြစ်ကြောင်း ပြောသည်။
ထိုအပြင် ထိုင်ဝမ်သမ္မတက ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးရန်လိုလားကြောင်း၊ ပြောသည်။
၎င်းက “ ကျွန်တော်အနေနဲ့ တရုတ်နိုင်ငံကိုပြောလိုတယ်။ ထိုင်ဝမ်ရဲ့ နိုင်ငံရေး၊ စစ်ရေးကိစ္စတွေကို ခြိမ်းခြောက်ဟန့်တားနေတာတွေရပ်တန့်ဖို့ တောင်းဆိုလိုတယ်။ ထိုင်ဝမ်အစိုးရဟာ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးထိန်းသိမ်းနိုင်ဖို့ အလုပ်တွေကို အပြင်းထန်လုပ်ဆောင်နေတယ်။ ကမ္ဘာကြီးကိုလည်း စိုးရိမ်ကြောက်ရွှံ့မှုမရှိတဲ့ ပုံစံမျိုးဖြစ်အောင်လုပ်ဆောင်နေတယ်။ ကမ္ဘာကြီးကိုကြေငြာလိုတယ်။ ထိုင်ဝမ်ဟာ ဒီမိုကရေစီအရေးနဲ့ လွှတ်လပ်ခွင့်တွေအတွက် ဘယ်တော့မှအညံခံမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးဟာ တစ်ခုတည်းသောရွေးချယ်မှုနဲ့ သာယာဝပြောရေးဟာ ကျွန်တော်တို့ရဲ့ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် ပန်းတိုင်ဖြစ်တယ်။” ဟု ပြောသည်။
တရုတ်နိုင်ငံက ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဒေသဖြစ်ပြီး၊ ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းမည်ဖြစ်ပြီး၊ လိုအပ်လျှင် အင်အားသုံးမည်ဟု ပြောဆိုခဲ့ရာ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ထိုင်ဝမ်အပေါ် ခြိမ်းခြောက်နေခြင်းများကို ရပ်တန့်ရန် တရုတ်အစိုးရကို ထိုင်ဝမ်သမ္မတ တိုက်တွန်းတောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်