ဘေဂျင်း၊ မေ ၂၄
တရုတ်အစိုးရက ထိုင်ဝမ်သမ္မတအသစ်သည် ထိုင်ဝမ်ကျွန်းကို စစ်ပွဲအန္တရာယ်များဖြင့်ရင်ဆိုင်ရရန် လုပ်ဆောင်နေကြောင်း သတိပေးပြောဆိုလိုက်သည်။
ထိုင်ဝမ်သမ္မတ လီချန်တေး ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်ကထိုင်ဝမ်ကျွန်းနားတွင် စစ်ရေးလေ့ကျင့်ခဲ့ပြီး သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူကွင်က “ ထိုင်ဝမ်မှာ သမ္မတအသစ်တက်လာခဲ့ပြီးနောက်ပိုင်း တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေဖြစ်လာတယ်။ ဒီအခြေနေတွေက ထိုင်ဝမ်ကို စစ်ပွဲနဲ့အန္တရာယ်ဇုန်ထဲ တွန်းပို့သလိုမျိုးဖြစ်နေတယ်။” ဟု ပြောသည်။
ထိုင်ဝမ်သည် လွှတ်လပ်ရေးရယူနိုင်ရန် လက်ရှိထက်ပိုမိုအရှိန်မြင့်ကြိုးပမ်းပြီး ရန်စသောလုပ်ရပ်များ ထပ်မံလုပ်ဆောင်မည်ဆိုလျှင် ထိုင်ဝမ်ကိုတိုက်ခိုက်ရန် အစီမံများချမှတ်လုပ် ဆောင်မည်ဟု ၎င်းကသတိပေးထားသည်။
၎င်းက “ ထိုင်ဝမ်ရဲ့လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းတာတွေဟာ ကျွန်တော်တို့ကိုရန်စနေတာပါ၊ ကျွန်တော်တို့ဟာ ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းနိုင်စေဖို့ နောက်ထပ်လိုတဲ့အစီမံတွေလုပ်ဆောင်ရမယ်။” ဟု ပြောသည်။
တရုတ်အစိုးရက ထိုင်ဝမ်သမ္မတအသစ်ကို ခွဲထွက်ရေးသမားဟု ပြောဆိုထားပြီး၊ ၎င်းလက်ထက်တွင် တရုတ်နှင့် ထိုင်ဝမ်ကြားဆက်ဆံရေး ပိုမိုဆိုးလာဖွယ်ရှိနေသည်ဟု သတိပေးထားသည်။
ထိုင်ဝမ်ကလည်း ၎င်းတို့ကျွန်းအနီး လုပ်ဆောင်နေသော တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်ခန်းကို အနီးကပ်စောင့်ကြည့်နေပြီး တပ်ဖွဲ့ဝင်များကို တပ်လှန့်ထားကြောင်း ဆိုသည်။
ကောင်းထက်ငွေ
alarabiya.net/News
ထိုင်ဝမ်သမ္မတအသစ်က ထိုင်ဝမ်ကို စစ်ပွဲထဲဆွဲသွင်းနေဟု တရုတ်စစ်ဘက် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်