ထိုင်ဝမ်ကို ယူကရိန်းနိုင်ငံထက် ပိုမိုကောင်းမွန်သောလက်နက်များကူညီမည်ဟု အမေရိကန်အောက်လွှတ်တော်အကြီးအကဲ ဆို

ထိုင်ဝမ်၊ မေ ၃၀

ထိုင်ဝမ်သည် ယူကရိန်းနိုင်ငံထက် ပိုမိုကောင်းမွန်သောလက်နက်များ ရရှိမည်ဖြစ်ကြောင်း အမေရိကန်အောက်လွှတ်၏ နိုင်ငံခြားရေးရာကော်မတီအကြီးအကဲ မိုက်ကယ်မက်ကူလ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်ဝမ်သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းနား စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ရာ နှစ်ဖက်တင်းမာမှုများရှိနေချိန်တွင် မိုက်ကယ် မက်ကူလ် ဦးဆောင်သော အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ထိုင်ဝမ်ကိုသွားရောက်ခဲ့ကြောင်း သိရသည်။

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များက ထိုင်ဝမ်ကိုကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ထိုင်ဝမ်ကိုခေတ်မီသောလက်နက်များ ပိုမိုကူညီပေးမည်ဖြစ်ကြောင်း၊ နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားသော လက်နက်များကူညီပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

ထိုင်ဝမ်အစိုးရမှာယူထားပြီး လက်ရှိအချိန်အထိ စစ်လက်နက်ပစ္စည်းများမရသေးမှုနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရအပြင် လက်နက်ထုတ်လုပ်ရေးကုမ္မဏီများကိုလည်း ဖိအားပေးမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်က “ ထိုင်ဝမ်ကို လက်နက်စနစ်တွေ ပိုမိုရရှိစေဖို့ ပိုမိုကြိုးပမ်းဆောင်ရွက်နေပါတယ်။ အမြန်ဆုံးရရှိအောင်ကူညီပေးပါမယ်။ ထိုင်ဝမ်ဟာ ယူကရိန်းလိုမျိုးမဟုတ်ဘဲ ပိုမိုကောင်းမွန်တဲ့ လက်နက်စနစ်အသစ်တွေရရှိမှာပါ။” ဟု ပြောသည်။

အမေရိကန်သည် ယူကရိန်းနှင့် ရုရှားတို့စစ်ပွဲဖြစ်ပွားချိန်တွင် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရာမှာ ဆိုဗီယက်ခေတ်ထုတ်လက်နက်များကို တတိယနိုင်ငံအကူညီဖြင့် ကူညီပေးခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ကူညီပေးခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်နိုင်ငံကြားလည်း တင်းမာမှုအရှိန်မြင့်တက်လာနေကြောင်း သိရသည်။

ကောင်းထက်ငွေ

azerbaycan24.com/en

ထိုင်ဝမ်ကို ယူကရိန်းနိုင်ငံထက် ပိုမိုကောင်းမွန်သောလက်နက်များကူညီမည်ဟု အမေရိကန်အောက်လွှတ်တော်အကြီးအကဲ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.