ထိုင်ဝမ်ကို တရုတ်နိုင်ငံတိုက်ခိုက်လာစေရန် အမေရိကန်တွန်းအားပေးလုပ်ဆောင်နေဟု သမ္မတ ရှီကျင့်ဖျင့် ဆို

ဘေဂျင်း၊ ဇွန် ၁၈

အမေရိကန်နိုင်ငံသည် ထိုင်ဝမ်ကိုတိုက်ခိုက်ရန် တရုတ်နိုင်ငံကို တွန်းအားပေးသောလုပ်ရပ်များ လုပ်ဆောင်နေကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင့်က ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပြန်လည်ပူးပေါင်းရန် ကြိုးပမ်းမည်ဟု ပြောဆိုထားသည်။

သို့သော်လည်း ထိုင်ဝမ်က တရုတ်လက်အောက်မှခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းနေပြီး အမေရိကန်နိုင်ငံထံမှ အကူညီများရရှိရန် ကြိုးပမ်းနေကြောင်း သိရ သည်။

တရုတ်သမ္မတက အမေရိကန်သည် တရုတ်နိုင်ငံကို ထိုင်ဝမ်အားကျူးကျော်တိုက်ခိုက်မှုများဖြစ်လာစေရန် ဖန်တီးလုပ်ကိုင်နေကြောင်း၊ သို့သော်လည်း ၎င်းတို့အနေဖြင့် ထိုင်ဝမ်ကို တိုက်ခိုက်မည်မဟုတ်သေးကြောင်း ပြောသည်။

တရုတ်သမ္မတက အမေရိကန်နိုင်ငံနှင့်စစ်ဖြစ်မည်ဆိုလျှင် ၂၀၄၉ ခုနှစ်တွင် တရုတ်နိုင်ငံ ဂရိတ်နိုင်ငံဖြစ်ရန် ရည်မှန်းချက်များ ထိခိုက်ဖွယ်ရှိနေကြောင်း ဆိုသည်။

ထိုင်ဝမ်တွင် သမ္မတအသစ်ဖြစ်သော လိုင်ချန်တေး ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် တရုတ်နိုင်ငံသည် ထိုင်ဝမ် ကျွန်းနားတွင် စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ရာ တင်းမာမှုများပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်ကလည်း ၎င်းတို့စစ်တပ်အနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကိုရပ်တန့်ရန် အင်အားသုံးသွားမည့် အစီအစဉ်အတွက် အဆင့်သင့်ရှိနေကြောင်း ရှန်ဂရီလာဆွေးနွေးပွဲတွင် ပြောဆိုထားသည်။

ထိုအပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံသူမှန်သမျှ ပျက်စီးရမည် ဖြစ်ကြောင်း သတိပေးထားသည်။

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံတစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံကြောင်းပြောဆိုထားသော်လည်း ပြီးခဲ့သောနှစ်ပိုင်းအတွင်း ထိုင်ဝမ်သို့ အမေရိကန်အစိုးရ တာဝန်ရှိသူများသွားရောက်မှု ပိုမိုမြင့်တက်လာနေကြောင်း သိရ သည်။

ကောင်းထက်ငွေ

aa.com.tr/en

ထိုင်ဝမ်ကို တရုတ်နိုင်ငံတိုက်ခိုက်လာစေရန် အမေရိကန်တွန်းအားပေးလုပ်ဆောင်နေဟု သမ္မတ ရှီကျင့်ဖျင့် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.