ရန်ကုန်၊ စက်တင်ဘာ ၁၉
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဌကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားပြီး ယနေ့ နံနက် သုံးရက်ကြာသည် အထိ အဆက်အသွယ်မရသေးကြောင်း အဆိုပါအသင်းနှင့် နီးစပ်သူများက ယနေ့ခေတ်သို့ ပြောသည်။
ဖမ်းဆီးခံရသူမှာ ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်မျိုးသွင်ဖြစ်ပြီး ၎င်းကို စက်တင်ဘာ ၁၆ ရက်က ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက် နီမော်ကျေးရွာ၌ မြေပြိုကျမှုဖြစ်စဉ်အား အသင်းသားများ၊ မိတ်ဖက်လူမှုကူညီရေးအသင်းများနှင့်အတူ သွားရောက်ကူညီပြီးနောက် ထားဝယ်မြို့သို့ ပြန်လာစဉ် ညင်းမော်ရွာအနီး၌ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်ဟု သိရသည်။
“ လက်ရှိအချိန်အထိ အဆက်အသွယ်တော့ မရသေးပါဘူး။ အသင်းကတော့ လူမှုကူညီရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်” ဟု အဆိုပါအသင်းနှင့် နီးစပ်သူ တစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။
ဦးနိုင်မျိုးသွင် ဖမ်းဆီးခံရသည့်အပေါ် ထားဝယ် ပကဖ DDT နှင့် ထားဝယ် မြို့ပြပျောက်ကျားဆိုသည့်အဖွဲ့က လုံခြုံရေးအဖွဲ့များနှင့် ဆက်သွယ်မှု၊ လူမှုရေးကိစ္စနှင့် လိုင်စင်မဲ့ကား ကိစ္စများကြောင့် ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ကြောင်း ယမန်နေ့က ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားပြီး ယနေ့တွင် ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုသို့ ယင်းအဖွဲ့၏ တာဝန်ခံဆိုသူက အတည်ပြုဖြေကြားထားသည်ကို တွေ့ရသည်။
ဦးနိုင်မျိုးသွင် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ထားဝယ်မြို့ခံ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက “ ကျွန်တော်တို့အားလုံးက ပရဟိတလုပ်ငန်းသက်သက်သာ လုပ်ဆောင်နေတာပါ။ ဘယ်အဖွဲ့အစည်းဘက်ကမှလည်း မပါသလို သူတို့လုပ်ဆောင်ချက်တွေကိုလည်း အားပေးကူညီတာမျိုး မရှိကြပါဘူး။ အခုကိစ္စကလည်း တစ်ဖက်အဖွဲ့အစည်းရဲ့ စွပ်စွဲချက်သာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးကတော့ ဦးနိုင်မျိုးသွင် အသက်အန္တရာယ်ကင်းရှင်းစွာနဲ့ အမြန်ဆုံးပြန်လွှတ်လာဖို့ပဲ မျှော်လင့်နေပါတယ်” ဟု ယနေ့ခေတ်သို့ ပြောကြားသည်။
ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ မှာ ထားဝယ်မြို့ခံ အခြားလူမှုကူညီရေးအသင်းများနှင့်အတူ ဒေသတွင်း၌ ၂၄ နာရီ အရေးပေါ် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ မြို့၏ သာရေး၊ နာရေးကိစ္စများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးလျက် ရှိသော အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း ထားဝယ် မြို့၌ နေထိုင်သူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်ကလည်း မြိတ်မြို့ရှိ ပရဟိတအဖွဲ့ ၅ ဖွဲ့ကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ဆိုသည့်အဖွဲ့က လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် နှင့် ပူးပေါင်းလုပ်ဆောင်ပါက စစ်ရေးအရပြင်းပြင်းထန်ထန် အရေးယူမည်ဟု ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် စာထုတ်ပြန်၍ အသိပေးထားကြောင်း ဒေသတွင်း ပရဟိ တအဖွဲ့များထံမှ သိရသည်။
မောင်ဇော်
ပုံစာ- ဖမ်းဆီးခံထားရသည့် ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေး အဖွဲ့ဥက္ကဌ ဦးနိုင်မျိုးသွင်
ထားဝယ်အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဌကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်