ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အခြားနိုင်ငံများလည်းပါဝင်နိုင် ဟုဆို

ရန်ကုန်၊ မတ် ၁၀

နှစ်အတော်ကြာရပ်ဆိုင်းနေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အခြားနိုင်ငံများလည်း ပါဝင်နိုင်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံခရီးစဉ်အပြီး မီဒီယာများကိုဖြေကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

“ မြန်မာနိုင်ငံမှာ အဓိကအရေးပါတဲ့ စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကြီးသုံးခုရှိတယ်။ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်ဆိုတဲ့ ရေနက်ဆိပ်ကမ်းတို့ဖြစ်တယ်။ ထားဝယ်ရေနက်ဆိပ် ကမ်းသည် ရပ်ဆိုင်းနေတာကြာပြီ။ ဒီထားဝယ်ရေ နက်ဆိပ်ကမ်းကိုလည်း ရုရှားနိုင်ငံနဲ့ဆောင်ရွက်နိုင်ဖို့ MoU လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့တယ်။ သို့သော် ရုရှားနိုင်ငံနဲ့ အဓိကထားဆောင်ရွက်သော်လည်း ဘယ်နိုင်ငံမဆိုလည်း ဒီနေရာမှာပါဝင်လို့ရပါတယ်။ လုပ်ဆောင်နိုင်ဖို့ ဖိတ်ခေါ်တယ်လို့ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၀၈ ခုနှစ်က မြန်မာနှင့် ထိုင်းအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအတွက် လိုအပ်သည့်ငွေကြေးကို အချိန်မီရှာဖွေဖြည့်ဆည်းခြင်းမပြုနိုင်ခြင်းကြောင့် စာချုပ်အားရပ်ဆိုင်းခဲ့သည်။

ထို့ပြင် NLD လက်ထက် ၂၀၁၅ ခုနှစ်တွင် မြန်မာ၊ ထိုင်းနှင့် ဂျပန်အစိုးရတို့ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်နိုင်ရန် ထပ်မံသဘောတူခဲ့ကြသော်လည်း စီမံကိန်းသည် အကောင်အ ထည်ပေါ်မလာကြောင်း၊ ယခုအခါ ၁၆ နှစ်နီးပါးကြာသည်အထိ ရုပ်လုံးမပေါ်သေးသည့်စီမံကိန်းကို ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ရေနက်ဆိပ်ကမ်းနစ်ခုနှင့် အကြီးစားစက်မှုလုပ်ငန်းဇုန်တို့ပါဝင်ပြီး ထိုရေနက်ဆိပ်ကမ်းနှစ်ခုတွင် တန်ချိန် ၂ သောင်းမှ ၅ သောင်းအထိတင်နိုင်မည့် သင်္ဘော ၂၅ စီး တပြိုင်နက်တည်း ကုန်တင်ကုန်ချလုပ်နိုင်မည့် ဆိပ်ခံတံတား ၂၂ ခု တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – MOI

#ယနေ့ခေတ်

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အခြားနိုင်ငံများလည်းပါဝင်နိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.