ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုပါချုပ်အပါအဝင် သုံးဦးအား ဖမ်းဆီးထားကြောင်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့ ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ အင်္ဂလိပ်စာဌာနမှူးနှင့် မြို့ပြအင်ဂျင်နီယာဌာနမှူးတို့သုံးဦးအား ယမန်နေ့က တက္ကသိုလ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထားဝယ်ဒေသအခြေစိုက် ဗထူးတပ်မတော်ဆိုသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လူမှုကွန်ရက်မှ သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့နယ်၊ ဘုရားမဲကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားပြီးနောက် ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင်၊ အင်္ဂလိပ်စာဌာနမှူး ဒေါ်စုစုလတ်နှင့် မြို့ပြအင်ဂျင်နီယာဌာနမှူး ဒေါ်နန္ဒာလွင်တို့သုံးဦးအား နေ့လည် ၁၂ နာရီဝန်းကျင်က ကျောင်းဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ ဘုရားမဲရွာနားက လုံခြုံရေးစခန်းကို လာတိုက်တာကြောင့် တိုက်ပွဲဖြစ်ရင်း အနီးကနည်းပညာတက္ကသိုလ်ကျောင်းထဲက ဆရာတစ်ယောက်နဲ့ ဆရာမနှစ်ယောက်ကို လက်နက်ကိုင်အဖွဲ့က အတင်းအဓမ္မဖမ်းဆီးသွားတာပါ။ ဒီမနက်ပိုင်းအထိတော့ ပြန်မလွတ်သေးဘူး။” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ဆရာမနှစ်ဦးမှာ non-CDM များ ဖြစ်သောကြောင့် ဖမ်းဆီးခြင်းဖြစ်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ဖမ်းဆီးထားသည့် ဗထူးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု RFA ၏ သတင်းဖော်ပြချက်အရ သိရသည်။

ထိုဖြစ်စဉ်အား နစကမှသတင်းထုတ်ပြန်ရာတွင် ဖမ်းဆီးခံရသောဆရာ၊ ဆရာမများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေး အပူတပြင်းရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေကြောင်း ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်အနီး တိုက်ပွဲကြောင့် ကလေးတက္ကသိုလ်မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူရာချီအား ဒေသတွင်းလက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး နာရီပိုင်းအကြာတွင် အဖမ်းခံရသူများအနက် ၂၈၅ ဦး ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဉ်တွင် ယနေ့အထိ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်သူတစ်ရာကျော် ပြန်မလွတ်သေးကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ထို့ပြင် ယမန်နှစ် နိုဝင်ဘာ ၁၃ ရက်ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်၌ တိုက်ပွဲဖြစ်ပွားခဲ့ကာ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမ များနှင့် ရုံးဝန်ထမ်းများအပါအဝင် ပညာရေးဝန်ထမ်းရာချီအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

လွိုင်ကော်တက္ကသိုလ်တွင် ဖမ်းဆီးခံရသူများအနက် ၁၀၃ ဦးမှာ နိုဝင်ဘာ ၂၄ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ယခုအထိ ဖမ်းဆီးခံထားရသူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုပါချုပ်အပါအဝင် သုံးဦးအား ဖမ်းဆီးထားကြောင်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.