ရန်ကုန်၊ မတ် ၆
ထန်းတပင်မြို့နယ်တွင် အရက်သောက်နေသူသုံးဦးသည် အရက်အလွန်အကျွံသောက်ပြီး အချင်းချင်းစကားများရာမှ ခိုက်ရန်ဖြစ်ပွားပြီး အမျိုးသားတစ်ဦး နေရာတွင်သေဆုံးကာ၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အလယ်ရွာကျေးရွာတွင် မတ် ၄ ရက်၊ ည ၉ နာရီက အရက်သောက်နေသူသုံးဦး အချင်းချင်းစကားများရန်ဖြစ်ရာမှ လူသတ်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။
“ အရက်သောက်ပြီး နေအိမ်ပြန်ကြတဲ့အချိန်မှာ အရက်သမားတွေသုံးဦးစလုံး အချင်းချင်းစကားများရန်ဖြစ်ပြီး လူသတ်မှုထိဖြစ်ပေါ်ခဲ့ပါတယ်။ လူသတ်တရားခံက ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ကျန်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများပါတယ်။” ဟု ထန်းတပင်မြို့နယ် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အရက်အလွန်အကျွံသောက်သုံးပြီး အချင်းချင်းစကားနိုင်လု အချင်းများရန်ဖြစ်ရာမှ အလယ်ရွာကျေးရွာနေသူ အသက်(၄၀)နှစ်အရွယ် အမျိုးသားအား အသင့်ပါဓားဖြင့်ထိုးလိုက်ခြင်းကြောင့် သေဆုံးခဲ့ပြီး ကျန်တစ်ဦးသည် ဘယ်နံကြားနှင့် ဘယ်ဝမ်းဗိုက်တို့တွင် ထိုးသွင်းဓားဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။
ဓားဖြင့်ထိုးကာ ထွက်ပြေးလွတ်မြောက်နေသူ အမျိုးသားအား ထန်တပင်မြို့မရဲစခန်းက အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
ထန်းတပင်တွင် အရက်သောက်နေသူချင်း စကားများရန်ဖြစ်ရာမှ တစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်