ရန်ကုန်၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများအနီး စစ်ကြောင်းထိုးလာ၍ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော် ထပ်မံထွက်ပြေးတိမ်း ရှောင်နေရကြောင်း ဒေသတွင်းကူညီနေသူများထံမှ သိရသည်။
စက်တင်ဘာ ၉ ရက်၊ နံနက် ၉ နာရီခန့်က ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင်တည်းကုန်းရွာအား စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နေအိမ်အချို့ မီးရှို့ခံခဲ့ရ ကြောင်း သိရသည်။
“ အဲ့ဒီဘက်တွေကို စစ်ကြောင်းတွေ့နဲ့ ခဏခဏလှုပ်ရှားနေတဲ့ အနေအထားပါ။ တောင်နဲ့ မြောက်ကို ဒီတလောမှာ နေ့စဥ်ကူးသန်းသွားလာလှုပ်ရှားနေတာ။ ရွာသားတွေကလည်း သူတို့သွားပြီဆို ရွာတွေကိုပြန်ဝင်ကြ သူတို့ကလည်း နောက်တစ်ကြိမ်ပြန်လှည့်လာ အဲ့လိုနဲ့ပဲ စစ်ဘေးရှောင်တွေ ခဏခဏပြေးနေရတာ” ဟု ဒေသတွင်း ကူညီစောင့်ရှောက်ပေးနေ သူတစ်ဦးက ပြောသည်။
လက်ရှိ၌ ကျေးရွာများအတွင်း နေအိမ်အချို့ကိုမီးရှို့ကာ စစ်ကြောင်းထိုးဝင် ရောက်လာသဖြင့် တောင့်တည်းကုန်း၊ သိုးဘိုး၊ ကိုးမြို့၊ ဖလံချိုင်၊ ညောင်ဇင် ကြီး၊ သရက်ခေါင်း၊ မင်း ကုန်း(က)၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ ဘိုကုန်း၊ ပေလည်နှင့် ငါးရာနဲ စသည့်ကျေးရွာ ၁၂ ရွာမှ ဒေသခံစစ်ဘေးရှောင် တစ်သောင်းခွဲကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်ကလည်း ထန်းကုန်းတိုက်နယ်အတွင်းရှိ ဉာဏ်အင်းရွာအား တတိယအကြိမ်မီးရှို့ခဲ့ရာ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာလ ၆ ရက်တွင် လေးလှရွာနှင့် မြိုင်သာယာရွာအား ထပ်မံမီးရှို့ခဲ့ရာ လေးလှရွာမှ နေအိမ်တစ်လုံး၊ စာသင်ဆောင်တစ်ဆောင်နှင့် မြိုင်သာယာရွာမှ နေအိမ် ၄ လုံးမီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသအချို့မှာ PDF များနှင့် နစကတပ်တို့ မကြာခဏ ထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့ကာ တိုက်ပွဲဖြစ်ပွားမှုအချို့လည်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ တိုက်ပွဲများဖြစ်ပွားအပြီးတွင် နစကဘက်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ၏ အနီးအနားရှိကျေးရွာများအား နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လေ့ရှိကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – ကန့်ဘလူ တက်ကြွလှုပ်ရှားရေးအဖွဲ့
ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော် အခြားနေရာသို့ ထပ်မံတိမ်းရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်