ရန်ကုန်၊ ဇန်နဝါရီ ၁၈
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် ယမန်နေ့က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ ရှိရကြောင်း ဒေသခံ များက ပြောကြားသည်။
ယမန်နေ့ နေ့လည်တွင် တံတားဦးမြို့နယ်၊ ပေါက်တောကျေးရွာနှင့် ပေါက်မြိုင်ကျေးရွာတို့၏ ကျေးရွာချင်းဆက်လမ်းပေါ်၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဦးခေါင်း တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရကြောင်း သိရသည်။
“ ထောက်ရစ်ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးမြင့်ထွန်းနဲ့ ထောက်ရစ်ရွာသူ မသက်နွယ်အောင်တို့နေတဲ့အိမ်ကို ၁၆ ရက်၊ ည ၁၁ နာရီလောက်က ဆိုင်ကယ်နှစ်စီးနဲ့ လူ အချို့ရောက်လာပြီး ဖမ်းခေါ်သွားတယ်လို့ သိရတယ်။ မနေ့ကတော့ ထောက်ရစ်ရွာရဲ့ နှစ်ဖာလုံအကွာလောက်မှာ အလောင်းနှစ်လောင်း ပြန်တွေ့တယ်။ ဒလန်စွပ်စွဲချက်နဲ့ ပစ်သွား တာလို့တော့ ပြောကြတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ယမန်နေ့က တံတားဦးမြို့နယ်၊ တပယ်ကျေးရွာ၊ ရွာလယ်လမ်းပေါ်၌ အမျိုးသမီးတစ်ဦးကို လက်နောက်ပြန်ကြိုးတုပ်လျက် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံး လျက်တွေ့ရကြောင်း သိရသည်။
“ တပယ်ကျေးရွာ အထက-ခွဲကျောင်းက ကျောင်းဆရာမ ဒေါ်မီမီထွန်းအိမ်ကို ဇန်နဝါရီ ၁၆ ရက်၊ ည ၉ နာရီခွဲက လက်နက်ကိုင်ဆောင်ထားတဲ့လူအချို့ ရောက်လာပြီး ဖမ်းခေါ်သွား တာလို့ သိရတယ်။ မနေ့က သူ့အလောင်းကို ရွာလယ်လမ်းမှာ လာထားသွားတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူသုံးဦး၏ ရုပ်အလောင်းများကို တံတားဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး မည်သူများက ပစ်ခတ်သွားသည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။
မန္တလေးတိုင်းရှိ တံတားဦးမြို့နယ်အပါအဝင် နွားထိုးကြီး၊ စဉ့်ကူ၊ မြင်းခြံနှင့် မတ္တရာမြို့နယ်များ၌ ပစ်ခတ်သတ်ဖြတ်မှုများ ခပ်စိပ်စိပ်ဖြစ်လျက်ရှိကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ မှ ယခုရက်ပိုင်းအထိ ထိုဒေသများမှ အမျိုးသား၊ အမျိုးသမီး သုံးဆယ်ဦးထက်မနည်း ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ – စီဂျေ
တံတားဦး၌ ဒေသခံသုံးဦးအား သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်