ရန်ကုန်၊ ဇန်နဝါရီ ၁၃
ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတားစီမံကိန်းရလဒ်ကြောင့် ဒလမြို့နယ်ရှိ အိမ်ခြံမြေဈေးကွက်၌ ကျပ်သိန်းသောင်းနှင့်ချီ ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ဒလအိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝိုင်းမှ သိရသည်။
တံတားစီမံကိန်းနှင့်အတူ လမ်းခင်းခြင်းလုပ်ငန်းများကို ပြုပြင်ဆောင်ရွက်ခဲ့ခြင်းကြောင့် လမ်းမတန်းဘက်ခြမ်းအကွက်များ ပိုမိုအရောင်းအဝယ်ဖြစ်နေကြောင်း အကျိုးဆောင် တစ်ဦးက ပြောသည်။ “ဒလတံတားစီမံကိန်း အမြန်ပြီးစီးနေတဲ့ အခြေအနေတွေလည်း ပါတာပေါ့။ ဈေးက သိန်းတစ်သောင်း၊ နှစ်သောင်းဝန်းကျင်လောက်နဲ့ကို အရောင်းအဝယ် ဖြစ်နေတာ။” ဟု ဆိုသည်။
ဒလမြို့နယ်ရှိ မြေကွက်ဈေးနှုန်းများသည် တစ်လထက်တစ်လမြင့်တက်နေပြီး ယခင်က ကျပ်သိန်း ၈၀၀ တန်မြေကွက်များမှာ လက်ရှိတွင် ကျပ်သိန်း ၁၀,၀၀၀ အထိ ဈေးပေါက်နေ ကြောင်း အကျိုးဆောင်အသိုင်းအဝိုင်းက ပြောကြားသည်။ “ဒလမှာ အိမ်ခြံမြေဈေးကွက်ကတော့ ဝယ်သူများတယ်။ ဈေးကလည်း အဆမတန်မြင့်တက်နေတာ။” ဟု အကျိုးဆောင် တစ်ဦးက ဆိုသည်။
ရန်ကုန်-ဒလတံတားတည်ဆောက်မှုစီမံကိန်းကို ယခုနှစ်အတွင်း အပြီးသတ်တည်ဆောက်ရန် လျာထားပြီး၊ လက်ရှိတွင် စီမံကိန်းထက်ဝက်ကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ တံတားပြီးစီးသွားပါက ရန်ကုန်မြို့မှတစ်ဆင့် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသို့ လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ပြီး၊ ရန်ကုန်မြို့၏ ယာဉ်ကျောပိတ်ဆို့မှုကို အတိုင်း အတာတစ်ခုအထိ ဖြေရှင်းပေးနိုင်မည်ဖြစ်ကြာင်း သိရသည်။
သတင်း/ဓာတ်ပုံ – စုစု
ယနေ့ခေတ်
တံတားစီမံကိန်းရလဒ်ကြောင့် ဒလအိမ်ခြံမြေဈေး သိန်းသောင်းနှင့်ချီ ပေါက်ဈေးရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်