ရန်ကုန်၊ ဧပြီ ၆
မန္တလေးမြို့၊ တံတားဦးမြို့နယ်အတွင်း အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကျေးရွာနှစ်ခုတွင် နေအိမ်အလုံး ၅၀ နီးပါးပြိုကျကာ၊ ဒေသခံ ၁၅ ဦးသေဆုံး၍ အရေးပေါ်အကူအ ညီများလိုအပ်နေကြောင်း သိရသည်။
မတ်လ ၂၈ ရက်နေ့က၊ တံတားဦးခရိုင်အတွင်းရှိ ပန်းပဲတန်းကျေးရွာနှင့် ဘိတ်တန်းကျေးရွာတို့တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နေအိမ်အလုံး ၅၀ နီးပါးပြိုကျကာ၊ ဒေသခံ ၁၅ ဦးသေဆုံးခဲ့ပြီး၊ အရေးပေါ်အကူအညီများလိုအပ်နေကြောင်း သိရသည်။

“အခုက စျေးချိုဘက်တွေတော့ အလှူရှင်တွေရနေပါပြီ။ မရသေးတာက ပန်းပဲတန်းဘက်နဲ့ ဘိတ်တန်းဘက်မှာ အလှူရှင်တွေမရသေးလို့ တော်တော်အခက်အခဲဖြစ်နေပါတယ်။ နေဖို့ကတော့ တဲထိုးပြီးနေနေရတယ်။ နှစ်ရွာပေါင်း နေလို့မရတဲ့အိမ်က ၅၀ နီးပါလောက်ကိုရှိတယ်။ သေဆုံးတာ ၁၅ ယောက်လောက်ရှိတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က နိုင်ငံအနှံ့ ၇.၇ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် တံတားဦးမြို့နယ်အတွင်း ကျေးရွာများတွင် ဖုန်းလိုင်းနှင့်၊ အင်တာနက်လိုင်းများ ယနေ့အချိန်ထိပြတ်တောက်နေပြီး ကျေးရွာအဝင်၊ အထွက်များလည်း အခက်အခဲများရှိနေကြောင်း သိရသည်။
“ပန်းပဲတန်းနဲ့၊ ဘိတ်တန်းဘက်မှာ အလှူရှင်တွေလိုပါသေးတယ်။ လာလှူဖို့ကလည်း တချို့အတွက် အခက်ခဲတွေကရှိနေတယ်။ အဝင်အထွက်က စစ်ဆေးတာတွေနဲ့ အလှူရှင်တွေလာဖို့ခက်နေတာပါ။ လာလှူလို့မရဘူးဆိုရင် ငွေသားလေးရရင်တော့ အဆင်ပြေပါတယ်။ လှူချင်သူများအနေနဲ့ 09762650829 ဖုန်းနံပတ်ကို ဆက်သွယ်လို့ရပါတယ်။ စျေးချိုဘက်မှာကျ ငွေထုတ်လို့လွယ်တာမို့ပါ။ ကူညီလို့ရရင် ကူညီကြပါဦး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဒုဌဝတီတံတားပျက်စီးခဲ့ပြီး အလုပ်အကိုင်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့်၊ ကုန်စည်စီးဆင်းမှုများပါ ပြတ်တောက်နေပြီး စားနပ် ရိက္ခာနှင့် စားဝတ်နေရေးများပါ အခက်အခဲများရှိနေကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်၊ နေ့လည် ၁၂နာရီ မိနစ် ၅၀ က နိုင်ငံအဝှမ်း အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် တံတား ၁၆၉ စင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုပျက်စီးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ- ဒေသခံတစ်ဦး
#ယနေ့ခေတ်
တံတာဦးမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ကျေးရွာအချို့ အရေးပေါ်အကူအညီများလိုအပ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်