ရန်ကုန်၊ မေ ၂၀
၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် တောင်သူများအနေဖြင့် ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ထားသည်။
စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ချေးငွေပြေကျေမှသာ(ယခင်ကြွေးကျန်ကင်းရှင်းမှသာ)ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကထုတ်ချေးသော ဖွံ့ဖြိုးရေးချေးငွေ နှစ်တို၊ နှစ်ရှည်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
သို့သော် တောင်သူအများစုသည် သွင်းအားစုများမြင့်တက်ခြင်း၊ စိုက်ပျိုးရေမရရှိခြင်းနှင့် ရာသီဥတုမမှန်ခြင်းတို့ကြောင့် စိုက်ဧကအပြည့်မစိုက်ပျိုးနိုင်သည့်အပြင် အခက်အခဲများစွာရှိနေကြောင်း သိရသည်။

“ ချေးငွေကမဆပ်နိုင်ဘူး။ လယ်တစ်မျိုးတည်းလုပ်ကိုင်ရုံနဲ့ သူ့ချေးငွေကိုပြန်မဆပ်နိုင်ဘူး။ ငါးကန်တွေနဲ့တွဲလုပ်မှ အဆင်ပြေနိုင်မယ်။ ၈၀ ရာခိုင်နှုန်းလောက်က ချေးငွေကိုပြန်မဆပ်နိုင်ကြဘူး” ဟု တောင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လက်ရှိတွင် ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေ(အရင်း၊ အတိုးများပါ) ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများသို့ မိုးရာသီစိုက်ပျိုးချိန်အမီ မေလ ၁၉ ရက်နေ့မှစတင်၍ ယခင်နှစ်နည်းတူ တစ်နှစ်လျှင် အတိုးနှုန်းငါးရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးနေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန် အသိပေးအကြောင်းကြားထားသည်။
#စုစု
ဓာတ်ပုံ – ယနေ့ခေတ်
#ယနေ့ခေတ်
တောင်သူများ ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်