တောင်သာနှင့် ငါန်းဇွန်း၌ ဒေသခံသုံးဦးကို သေဆုံးလျက်တွေ့ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၃

မန္တလေးတိုင်း၊ တောင်သာမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်၌ ယမန်နေ့တစ်ရက်အတွင်း ဒေသခံသုံးဦးကို သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်က တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာမှ အသက် ၆၂ နှစ်အရွယ် ဦးစန်းအောင်နှင့် အသက် ၅၂ နှစ်အရွယ် ဦးကံဝင်းတို့အား ရွာ၏မြောက် ဘက် နှစ်မိုင်ကျော်ခန့်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ သူတို့နှစ်ယောက်က နိုဝင်ဘာ ၁ ရက်က ဆိုင်ကယ်တစ်စီးစီနဲ့ အိမ်ဆောက်ပစ္စည်းဝယ်ဖို့ ဇဂျမ်းကျေးရွာကို စိုင်ကန်-တံတား-ကင်းဇလုတ် တောလမ်းအတိုင်းသွားတာ၊ ညအထိ ပြန်မရောက်သေးလို့ လိုက်ရှာကြရင်း မနေ့က နေ့လည်က သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရတာ။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

သေဆုံးသူနှစ်ဦး၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများတွေ့ရပြီး ၎င်းတို့ စီးနင်းသွားသည့် ဆိုင်ကယ်နှစ်စီးအနက် တစ်စီးကို အခင်းဖြစ်နေရာအနီးတွင် တွေ့ရကြောင်း သိရ သည်။ ကျန်ဆိုင်ကယ်တစ်စီးနှင့် အိမ်ဆောက်ပစ္စည်းဝယ်ယူရန် ၎င်းတို့ယူဆောင်သွားသော ငွေကျပ်ဆယ်သိန်းနှင့် ဖုန်းတို့မှာ ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ယမန်နေ့ နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်-ငါန်းမြာသွား ကားလမ်းပေါ်၊ ပေါက်တောကျေးရွာလမ်းခွဲအနီး၌ အမျိုးသမီးတစ်ဦးအား ဦးခေါင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ သူက ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးပါ။ နိုဝင်ဘာ ၁ ရက်၊ ည ၉ နာရီ လောက်က သူ့အိမ်ကို လူငါးဦး ဆိုင်ကယ်သုံးစီးနဲ့ ရောက်လာပြီး လာခေါ်သွားတာ။ အဲ့ဒီညထဲက ရွာသားတွေလိုက်ရှာကြရင်း မနေ့က မနက်ကမှ အလောင်းပြန်တွေ့တာ။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

သေဆုံးသူသုံးဦးအား တောင်သာနှင့် ငါန်းဇွန်မြို့နယ်တို့ရှိ ဆေးရုံများသို့ ပို့ ဆောင်ခဲ့ပြီး ၎င်းတို့အား မည်သည့်အဖွဲ့များက ပစ်ခတ်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ တောင်သာ၊ ငါန်းဇွန်နှင့် မြင်းခြံမြို့နယ်တို့တွင် ပစ်ခတ်ခံရမှုများ မကြာခဏဖြစ်ပွားလေ့ရှိကာ ပြီးခဲ့သည့်လအတွင်း အဆိုပါဒေသများတွင် ပစ်ခတ်ခံရပြီး သေဆုံးသူ ဆယ်ဦးထက်မနည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

တောင်သာနှင့် ငါန်းဇွန်း၌ ဒေသခံသုံးဦးကို သေဆုံးလျက်တွေ့ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.