တောင်တွင်းကြီး၌ ရေကြီးရေလျှံမှုဖြစ်၍ တစ်ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃၀

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၌ ယမန်နေ့ညပိုင်းမှစ၍ ရေကြီးရေလျှံမှုဖြစ်ပွားကာ အမျိုးသားတစ်ဦး ရေစီးနှင့်မျောပါ သေဆုံးခဲ့ကြောင်း ဒေသခံများက ယနေ့ခေတ်သို့ ပြော သည်။

စက်တင်ဘာ ၂၈ ရက်၊ ညနေပိုင်းမှစ၍ တောင်ကျချောင်းရေများ ကျဆင်းမှုကြောင့် တောင်တွင်းကြီးမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကာ တောင်ပြင် (၁) ရပ်ကွက်၊ တောင်ပြင် (၂) ရပ်ကွက်၊ အုန်းတော(၁)ရပ်ကွက်၊ အုန်းတော(၂)ရပ်ကွက်၊ ရွှေကြာအင်း(၁)ရပ်ကွက်၊ ရွှေကြာအင်း(၂)ရပ်ကွက်တို့တွင် လူနေအိမ်များသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ ဒီမှာ တစ်ခါမှ အဲ့ဒီလောက်ရေကြီးတာ မကြုံဖူးဘူး။ ဆိုင်ကယ်တွေ၊ အိုးခွက်တွေ၊ အဝတ်အစားတွေပါ ရေစီးနဲ့အကုန်မျှောကုန်တာ။ တချို့နေရာတွေဆို ရေက လူရဲ့ရင်ဘတ် လောက်အထိ မြှုပ်တာ။ တောင်ပြင်ဘက်တွေဆို ပိုဆိုးတယ်။” ဟု တောင်တွင်းကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယနေ့နံနက်ပိုင်း၌ ရေပြန်လည်ကျဆင်းခဲ့သော်လည်း မြို့ခံအမျိုးသားတစ်ဦး ရေစီးနှင့်အတူမျောပါကာ သေဆုံးခဲ့ကြောင်း တောင်တွင်းကြီးမြို့အခြေစိုက် စိတ္တသုခ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ မတော်တဆမှုလို့ပဲ ပြောရမယ်။ သူက မနက်က ရေအခြေအနေကြည့်ဖို့ ဆိုင်ကယ်နဲ့ထွက်လာရင်း ဆိုင်ကယ်ကိုကွေ့လိုက်တာ မြောင်းထဲကိုကျပြီး ရေစီးနဲ့မျောသွားတာ။ အားလုံး လိုက်ဆယ်ပေမဲ့ အချိန်မမီလိုက်ဘူး။ ရထားသံလမ်းနားမှာ အလောင်းကိုပြန်တွေ့ပါတယ်။” ဟု ၎င်းကပြောကြားသည်။

ရေစီးနှင့်အတူမျောပါ၍ သေဆုံးခဲ့သူမှာ ရွှေကြာအင်း (၁) ရပ်ကွက်တွင်နေထိုင်သူ အသက် ၇၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကာ ယနေ့နေ့လည်တွင် ရုပ်လောင်းအား မီးသဂြိုလ်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ရေကြီးရေလျှံမှုဖြစ်ပွားရာ ရပ်ကွက်များရှိ အိမ်ထောင်စုများကို မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသတွင်း လူမှုကူညီရေးအဖွဲ့များမှ အသင်းသားများစုပေါင်း၍ ရေ ဘေးလွတ်ရာ နေရာများသို့ ရွေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

မောင်ဇော်

ဓါတ်ပုံ – ဒေသခံတစ်ဦး

ပုံစာ- စက်တင်ဘာ ၂၈ ရက်၊ ညက တောင်တွင်းကြီး၌ ရေကြီးရေလျှံမှု ဖြစ်ပွား ခဲ့သည်။

#ယနေ့ခေတ်

တောင်တွင်းကြီး၌ ရေကြီးရေလျှံမှုဖြစ်၍ တစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.