ဝါရှင်တန်၊ ဧပြီ ၁၂
အမေရိကန်အစိုးရက အငြင်းပွားမှုများရှိနေသည့် တောင်တရုတ်ပင်လယ်အတွင်းရှိ Second Thomas Shoal ကျွန်းနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ တိုက်ခိုက်ခံရမည်ဆိုလျှင် အမေရိကန်နိုင်ငံက တုံ့ပြန်သွားဖွယ်ရှိနေကြောင်း အမေရိကန် အစိုးရအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၁၉၅၀ ခုနှစ်က အပြန်အလှန်ကာကွယ်ရေးကူညီပေးရေးစာချုပ် ချုပ်ဆိုထားပြီး ယင်းစာချုပ်အရ တစ်နိုင်ငံတိုက်ခိုက်ခံရမည်ဆိုလျှင် အခြားတစ်နိုင်ငံက ကူညီပေးရမည်ဆိုသော အချက်ပါဝင်နေကြောင်း သိရသည်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံကြား အငြင်းပွားမှုများ ပိုမိုဖြစ်လာခဲ့ပြီးနောက် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်လာချိန်တွင် အမေရိကန်သမ္မတက ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာ၊ ဂျပန်ဝန်ကြီးချုပ်တို့နှင့် ပြီးခဲ့သောရက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံအနေဖြင့် တော်ငတရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံအပေါ် တရုတ်နိုင်ငံ၏ဖိအားပေးနေမှုများ ပြန်လည်တုံ့ပြန်နိုင်ရန်အတွက် သုံးနိုင်ငံခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ခြင်းမျိုးဖြစ်သည်။
အမေရိကန်အစိုးရက “ အမေရိကန်အစိုးရနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ဟာ ဖိလစ်ပိုင်သမ္မတနဲ့အတူ ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ စီစဉ်လာခဲ့တယ်။ ဖိလစ်ပိုင်နိုင်ငံကို ကူညီထောက်ပံ့ပေးကြမှာဖြစ်ပါတယ်။” ဟု ပြောသည်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်းပြောဆိုထားပြီး အာဆီယံဒေသအတွင်းနိုင်ငံများနှင့် အငြင်းပွားမှုများဖြစ်ပွားခဲ့ကာအထူးသဖြင့် ဖိလစ်ပိုင်နှင့်အငြင်းပွားမှုများ ပိုမိုဖြစ်လာခဲ့သည်။တရုတ်စစ်သင်္ဘောများသည် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့၏သင်္ဘောများကို ဟန့်တားနှောက်ယှက်မှုအမျိုးမျိုးလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို အမေရိကန်သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်