တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများကို အင်အားသုံး ဖြေရှင်းခြင်းများ မလုပ်ဆောင်ရန် အမေရိကန်နှင့် ဗီယက်နမ်အစိုးရတို့ ပူးတွဲတောင်းဆို

ဖနွမ်းပင်၊ စက်တင်ဘာ ၁၁

အငြင်းပွားမှုများဖြစ်ပွားနေသော တောင်တရုတ်ပင်လယ်တွင် ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်းများ မလုပ်ဆောင်ရန် အမေရိကန်နှင့် ဗီယက်နမ် အစိုးရတို့က သတိပေး ပြောဆိုလိုက်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အိန္ဒိယနိုင်ငံတွင်ကျင်းပခဲ့သော ဂျီ ၂၀ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ ထပ်မံလာရောက်ခဲ့ကာ ဗီယက်နမ် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲ Nguyen Phu Trong တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သော ပူးတွဲထုတ်ပြန်ချက်ထဲတွင် “ တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားမှုတွေကို ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားသုံးခြင်းမျိုးမရှိဘဲ နိုင်ငံတကာဥပဒေနဲ့အညီ ငြိမ်းချမ်းစွာဖြေရှင်းဖို့ကို ကျွန်တော်တို့ထောက် ခံပါတယ်။” ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တရုတ်ကမ်းခြေစောင့်သင်္ဘောက ဖိလစ်ပိုင် ကမ်းခြေစောင့်သင်္ဘောကို ကြားဖြတ်ဟန့်တားကာ မီးသတ်ပိုက်ဖြင့် ထိုးခဲ့မှုနှင့်အတူ တောင်တ ရုတ်ပင်လယ်တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့နေကြောင်း သိရသည်။

မကြာသေးမီက ပြီးဆုံးသွားခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း တောင်တရုတ်ပင်လယ်အရေးကိစ္စကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး အာဆီယံဒေသအတွင်း ငါးနိုင်ငံနှင့် ပိုင်နက်နယ်မြေ အငြင်းပွားနေပြီး မကြာသေးမီက တရုတ်နိုင်ငံ၏ ပိုင်နက်နယ် မြေများကို ဖော်ပြထားသည့် နိုင်ငံမြေပုံအသစ်ကို ထုတ်ပြန်ခဲ့ရာ ဒေသအတွင်းနိုင်ငံများကြား စိတ်ဆိုးဒေါသဖြစ်ခဲ့ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေသော နယ်မြေအငြင်းပွားမှုများကို နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်များအတိုင်း ဖြေရှင်းသွားရမည်ဖြစ်ကြောင်း တောင်တရုတ်ပင်လယ် အတွင်း လွတ်လပ်စွာသွားလာခွင့်၊ ပျံသန်းခွင့်နှင့် အတားအဆီးမရှိ တရားဝင်ကုန်သွယ်မှုများ ပြုလုပ်ခွင့်ပေးရမည်ဖြစ်ကြောင်း အမေရိကန်အစိုးရနှင့် ဗီယက်နမ်အစိုးရတို့က တောင်းဆိုထားသည်။

တရုတ်နိုင်ငံသည် နှစ်စဉ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ထရီလျံနှင့်ချီ ဖြတ်သန်းနေသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ပြောဆိုထားသော်လည်း ဥပဒေအခြေခံမရှိသည့် တရားမဝင်သော ပြောဆိုချက်များသာဖြစ်ကြောင်း နိုင်ငံတကာတရားရုံးက ပြောကြားထားသည်။

ကောင်းထက်ငွေ

thaipbsworld.com

#ယနေ့ခေတ်

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများကို အင်အားသုံး ဖြေရှင်းခြင်းများ မလုပ်ဆောင်ရန် အမေရိကန်နှင့် ဗီယက်နမ်အစိုးရတို့ ပူးတွဲတောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.