ဘေဂျင်း၊ မေ ၆
အာရှ-ပစီဖိတ်ဒေသအတွင်း အငြင်းပွားမှုများမြင့်တက်နေချိန်တွင် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတုများအပေါ်တွင် စစ်ဘက်သုံး နျူကလီးယားဓါတ်ပေါင်းဖို တည်ဆောက်လျက်ရှိနေကြောင်း အမေရိကန်အခြေစိုက် Washington Post သတင်းဌာနက ဖော်ပြလိုက်သည်။
တရုတ်နိုင်ငံသည် နျူကလီးယားနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် ရေပေါ်နျူကလီးယားဓါတ်ပေါင်းဖို တည်ဆောက်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်အစိုးရက ၎င်းတို့သည် ဝေးလံခေါင်သီသောဒေသများ၊ ကျွန်းများနှင့် ဓါတ်ငွေ့ထုတ်လုပ်ရေးပလက်ဖောင်း၊ ရေနံထုတ်လုပ်ရေးလုပ်ငန်းများသို့ ဓါတ်အားကူညီထောက်ပံ့ပေးရန်အတွက် နျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြာင်း သတင်းထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသည် ပိုင်နက်နယ်မြေအငြင်းပွားမှုများဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်တွင် တည်ဆောက်ထားသောကျွန်းတုရှိ စစ်အခြေစိုက်စခန်းများတွင် ရေပေါ်နျူကလီးယားဓါတ်ပေါင်းဖို တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ ၎င်း၏လုပ်ရပ်က အာရှ-ပစီဖိတ်ဒေသတစ်ခုလုံးကို မတည်ငြိမ်မှုများဖြစ်လာဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရက သတိပေးထားသည်။
အမေရိကန်စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သော ဂျွန်အကွီလီနိုက “ တရုတ်ကပြုလုပ်ဖို့ စီစဉ်နေတဲ့ ရေပေါ် နျူကလီးယားစက်ရုံဟာ ဒေသအတွင်းနိုင်ငံတွေအပေါ် သက်ရောက်မှုများစွာဖြစ်လာဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။
အမေရိကန်သတင်းစာကလည်း တရုတ်နိုင်ငံ၏ ရေပေါ် နျူကလီးယားဓါတ်ပေါင်းဖို တည်ဆောက်မည့်စီမံကိန်းက အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အခက်အခဲအရှုပ်ထွေးများ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ရေးသားထားသည်။
တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် တောင်တရုတ်ပင်လယ်အတွင်းရှိနေသည့် ပိုင်နက်များနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်အပါအဝင် အာဆီယံနိုင်ငံအချို့နှင့် အငြင်းပွားနေသလို ဂျပန်၊တောင်ကိုရီးတို့နှင့်လည်း အငြင်းပွားမှုများရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
forbes.com/sites
တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတုများအပေါ်တွင် တရုတ်နိုင်ငံက နျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်