ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်း၊ တောင်ငူမြို့၌စစ်ရှောင်နေသည့် ဇရပ်ကြီးဒေသခံ တစ်သောင်းကျော်အတွက် အကူအညီများလိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီသူများက ပြောကြားသည်။
လက်ရှိတွင် စစ်ရှောင်များမှအချို့မှာ နေရပ်ပြန်နေကြပြီဖြစ်သော်လည်း တောင်ငူမြို့ပေါ်တွင် ဆက်လက်စစ်ရှောင်နေရသည့် ဇရပ်ကြီးဒေသခံတစ်သောင်းကျော်အထိ ရှိနေကြောင်း သိရသည်။
“ တချို့ပဲစိုက်တောင်သူတွေက ပဲရိတ်သိမ်းရမှာတွေရှိတယ်။ တိုက်ပွဲကလည်းငြိမ်နေတော့ အိမ်ပြန်ချင်တယ်ပြောလို့ ပြန်ပို့ပေးနေတာပါ။ ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ။ လူဦးရေ တစ်ရာကျော်၊ နှစ်ရာလောက်တော့ အိမ်ပြန်ကြတယ်။ လူတစ်သောင်းကျော်လောက်တော့ ဒီနေ့အထိ တောင်ငူမြို့ပေါ်မှာ စစ်ရှောင်နေရတုန်းပဲ။” ဟု ရွှေမင်းဝင် လူမှုကူညီရေးအသင်းမှ အရှင်စန္ဒောဘာသက ယနေ့ခေတ်သို့ မိန့်ကြားသည်။

လက်ရှိတွင် စစ်ရှောင်များမှာ တောင်ငူမြို့ရှိ နဂါးရုံ၊ ရွှေမင်းဝံစသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ယာယီဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းများတွင် နေထိုင်လျက်ရှိကာ ၎င်းတို့ စားသောက်ရေးအတွက် အကူအညီများလိုအပ်လျက်ရှိနေကြောင်း သိရသည်။
“ ဒီနေ့ဆိုရင် စစ်ရှောင်ရတာ ၇ ရက်ရှိပြီ။ သူတို့အတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ စောင်၊ ခြင်ထောင်တွေ လိုအပ်နေတာပေါ့။ လောလောဆယ်ကူညီတဲ့သူတွေရှိနေတော့ အ ဆင်ပြေသေးပေမဲ့ ရက်ကြာလာရင် လိုအပ်တာတွေက ပိုများလာနိုင်တယ်။ အဲ့တာကြောင့် ဝိုင်းဝန်းကူညီပေးဖို့ အကူအညီတောင်းခံရတာ ဖြစ်ပါတယ်။” ဟု အရှင်စန္ဒောဘာသက ဆက်လက်မိန့်ကြားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က ပဲခူတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်အား KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတစ်သောင်းကျော်မှာ ယနေ့အထိစစ်ရှောင်နေရခြင်း ဖြစ်သည်။
အလားတူ ဒီဇင်ဘာ ၃ ရက်က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၌ KNLA ပူးပေါင်းအဖွဲ့နှင့် နစကတပ်များအကြား နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံခုနစ်သောင်းကျော်မှာ ယနေ့အထိစစ်ရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ- အရှင်စန္ဒောဘာသ
တောင်ငူ၌ စစ်ရှောင်နေသည့် ဇရပ်ကြီးဒေသခံများအတွက် အကူအညီများလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်