တောင်ငူရှိ စစ်ရှောင်များအတွက် အကူအညီများလိုအပ်နေ

ရန်ကုန်၊ ဧပြီ ၁၃

ပဲခူးတိုင်း၊ တောင်ငူမြို့နှင့်အနီးတဝိုက်ရှိ ဒေသများတွင် တိုက်ပွဲများကြောင့် တောင်ငူမြို့သို့ လာရောက်စစ်ရှောင်နေရသူ သောင်းချီ၍ရှိကာ အကူအညီများလိုအပ်နေကြောင်း ဒေသတွင်းစစ်ရှောင်ကူညီသူများက ပြောကြားသည်။

ပြီးခဲ့သည့်လပိုင်းများနှင့် ယခုလအတွင်း တောင်ငူမြို့အနီးရှိ ဇရပ်ကြီးမြို့အပါအဝင် ဆက်စပ်ကျေးရွာများနှင့် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အနီးတို့တွင် နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံသောင်းချီမှာ တောင်ငူမြို့ပေါ်တွင် စစ်ရှောင်နေရကြောင်း သိရသည်။

“ စစ်ရှောင်တွေက တောင်ငူမြို့ပေါ်နဲ့အနီးတဝိုက်တွေမှာ နေနေကြတာ။ လက်ရှိအချိန်အထိဆို တောင်ငူတစ်ခုလုံးမှာ စစ်ရှောင်စခန်း ၆၀ ကျော်ရှိတယ်။ ဇရပ်ကြီးဒေသခံတွေက တစ်ဝက်လောက်ပြန်သွားကြပေမဲ့ တပ်ရှိတဲ့ တလိုင်းအိုင်၊ ဂွအိုင် အဲ့ဘက်တွေက ပြန်လို့မရသေးဘူး။ တချို့လည်း ပေါက်ကွဲမှုဖြစ်နိုင်တဲ့ အန္တရာယ်ကြားကနေ အိမ်ပြန်ကြတယ်။ တချို့ကျတော့လည်း သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို အန္တရာယ်များလို့ စခန်းမှာခဏထားခဲ့ပြီး စားဝတ်နေရေးအတွက် အိမ်ပြန်ရတာတွေလည်းရှိတယ်။ ပြီးခဲ့တဲ့လက စာရင်းအရဆို စစ်ရှောင်သုံးသောင်းကျော်လောက်ရှိတယ်။” ဟု Save The Trees ပရဟိတအဖွဲ့မှ ကိုကျော်သူရက ယနေ့ခေတ်သို့ ပြောကြားသည်။

အဆိုပါ စစ်ရှောင်များအတွက် လတ်တလောတွင် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အကူအညီများလိုအပ်နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ စားဝတ်နေရေးနဲ့ ကျန်းမာရေးလိုအပ်ချက်က များလာတယ်။ ပြီးတော့ သူတို့က အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ပြေးလာရတာဆိုတော့ စောင်၊ ခြင်ထောင်နဲ့ အဝတ်အထည် လို အပ်ချက်တွေရှိတယ်။ စစ်ရှောင်ကလေးတွေဆိုလည်း စာမေးပွဲဖြေဖို့ကအစ ကူညီပေးရတယ်။” ဟု ပြောကြားသည်။

အဆိုပါစစ်ရှောင်အများစုမှ တောင်ငူမြို့ပေါ်ရှိ နဂါးရုံဘုန်းတော်ကြီးကျောင်းအပါအဝင် အခြားဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ စာသင်ကျောင်းများနှင့် ယာယီစခန်းများတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်လအထိ စာရင်းများအရ တောင်ငူမြို့နှင့်အနီးတဝိုက်တွင် စစ်ရှောင်စခန်း ၆၄ ခုရှိကာ စစ်ရှောင်စခန်းများသို့ လာရောက်စစ်ရှောင်သူ ကိုးထောင်ဝန်းကျင်ရှိပြီး၊ နီးစပ်ရာနေအိမ်များသို့ လာရောက်စစ်ရှောင်သူ တစ်သောင်းခွဲဝန်းကျင်ခန့်ရှိကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလက ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၌လည်းကောင်း၊ ယခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၌လည်းကောင်း နစကတပ်များနှင့် KNLA ,PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံငါးသောင်းထက်မနည်းမှာ တောင်ငူမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုအထဲမှထက်ဝက်ခန့်မှာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်နေရခြင်းဖြစ်သည်။

#မောင်ဇော်

ဓာတ်ပုံ – Kyaw Thu Ya

ပုံစာ- တောင်ငူမြို့ပေါ်ရှိ စစ်ရှောင်ကလေးငယ်များအား ယခုရက်ပိုင်း တွေ့ရစဉ်။

#ယနေ့ခေတ်

တောင်ငူရှိ စစ်ရှောင်များအတွက် အကူအညီများလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.