ရန်ကုန်၊ စက်တင်ဘာ ၂၆
ကိုဗစ်-၁၉ ကြောင့် သုံးနှစ်ကြာရပ်နားခဲ့သည့် တောင်ကြီးမြို့၊ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း တောင်ကြီးဒေသခံများက ပြောသည်။
အဆိုပါ မီးပုံပျံပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ အထိ တစ်ပတ်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ ကိုဗစ်ကြောင့် မလုပ်ဖြစ်တာကြာပြီပေါ့။ ဒီပွဲက ရှမ်းပြည်နယ်ရဲ့ အထင်ကရပွဲတော်လည်းဖြစ်သလို ရိုးရာပွဲတော်လိုလည်း ဖြစ်နေတာပေါ့။ ပြည်တွင်းခရီးသွားတွေလည်း အများ ဆုံးလာကြသလို ပြည်ပခရီးသွားတွေလည်း စိတ်ဝင်စားကြတယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။
တောင်ကြီးမြို့၊ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး သုံးနှစ်ကြာရပ်နားပြီးနောက် ယခုနှစ်တွင်မှ ပြန်လည်ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းမီးပုံးပျံပွဲတော်တွင် ညမီးကျည်၊ မီးပုံးပျံ၊ ရောင်စုံမီးပန်း၊ မသိုးသင်္ကန်းရက်လုပ်ခြင်းများ ပါဝင်မည်ဖြစ်ပြီး၊ ညလွှတ်မီးပုံးပျံ ၆၃ လုံး လွှတ်တင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ည မီးတွင် ရောင်စုံမီးပန်းအားလုံးပေါင်း ၃၈ လုံး၊ ဘေးတွင် မီးပုံးလေးများချိတ်၍လွှတ်သည့် စိန်နားပန် မီးပုံးပျံ ၂၅ လုံး လွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ဆင်နွှဲကြသည့်အပြင် ပြည် တွင်း၊ ပြည်ပဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လေ့ရှိသော ပွဲတော်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
စုစု
ဓာတ်ပုံ-အင်တာနက်
တောင်ကြီး မီးပုံးပျံပွဲတော် ပြန်လည်ကျင်းပမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်