တောင်ကြီး၌ ယနေ့မှ နိုဝင်ဘာ ၂၇ ရက်အထိ ညမထွက်ရအမိန့်အား ယာယီရုတ်သိမ်း

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ယနေ့မှစ၍ နိုဝင်ဘာ၂၇ ရက်အထိ ညမထွက်ရအမိန့်အား ယာယီရုတ်သိမ်းကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ လက်မှတ်ရေးထိုး၍ ယနေ့ထုတ်ပြန်ကြောင်း သိရသည်။

တောင်ကြီးမြို့၌ လူ ၅ ဦးထက်ပို၍ စုဝေးခြင်းနှင့် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ထုတ်ပြန်ထားသော်လည်း ယခုအခါ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်းဖြစ်သည့် ယနေ့ (နိုဝင်ဘာ ၂၁ ရက်) မှ နိုဝင်ဘာ ၂၇ ရက်အထိအား ညမထွက်ရအမိန့်ကို ယာယီရုတ်သိမ်းကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

“ ပွဲတော်ကာလအတွင်း လူစည်ကားအောင်၊ သွားလာရ လွယ်ကူအောင် လုံခြုံရေးကို တိုးမြှင့်ချထားပြီး၊ ညမထွက်ရအမိန့်ကို ယာယီရုတ်သိမ်းပေးတာပါ။ ပွဲတော်ကာလပြီးရင်တော့ အရင်ထုတ်ပြန်ထားတဲ့အတိုင်း ည ၁၂ နာရီကနေ မနက် ၄ နာရီအထိကို အပြင်ထွက်လို့မရပါဘူး။” ဟု တောင်ကြီးမြို့ရှိ ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကိုဗစ်ကာလမှစ၍ သုံးနှစ်နီးပါးကြာ ရပ်ဆိုင်းထားသည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်အား ယနေ့မှ နိုဝင်ဘာ ၂၇ ရက်အထိ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပရန်စီစဉ် ထားသည်ဟု သိရသည်။

ထိုမီးပုံးပျံပွဲတော်တွင် ညမီးကြီးမီးပုံးပျံ၊ ရောင်စုံမီးပန်း၊ မသိုးသင်္ကန်းရက်လုပ်ခြင်းများ ပါဝင်မည်ဖြစ်ပြီး၊ ညလွှတ်မီးပုံးပျံ ၆၃ လုံး လွှတ်တင်ယှဉ်ပြိုင်မည်ဖြစ်ကာ၊ ညမီးတွင် ရောင်စုံမီးပန်း အားလုံးပေါင်း ၃၈ လုံး၊ ဘေးတွင်မီးပုံးလေးများ ချိတ်၍လွှတ်သည့် စိန်နားပန်း မီးပုံးပျံ ၂၅ လုံး၊ လွှတ်တင်မည်ဖြစ်ကာ တစ်ရက်လျှင် မီးပုံး ၈ လုံးလွှတ်တင်မည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် တောင်ကြီးမြို့ရှိ ဟိုတယ် ၃၀၀ ကျော်မှ အခန်းပေါင်း တစ်သောင်းခွဲခန့်မှာလည်း ယခုလအစပိုင်းကတည်းက ကြိုတင်မှာယူထားသူများဖြင့် ပြည့်နေပြီဖြစ်ကြောင်း တောင် ကြီးမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

လက်ရှိ၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသော်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ မီးပုံပျံပွဲတော်အား စည် ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့အသီးသီးတွင် ညမထွက်ရအမိန့်များအား ဒေသအလိုက် အချိန်အမျိုးမျိုးသတ်မှတ်၍ ထုတ်ပြန်ထားသော်လည်း အထိမ်းအမှတ်ပွဲတော်များ ကျင်းပသည့်ရက်များတွင် ပွဲတော်လာရောက်သူများ သွားလာရအဆင်ပြေစေရန်ဆိုကာ ညမထွက်ရအမိန့်များအား ယာယီရုတ်သိမ်းပေးမှုများရှိကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

တောင်ကြီး၌ ယနေ့မှ နိုဝင်ဘာ ၂၇ ရက်အထိ ညမထွက်ရအမိန့်အား ယာယီရုတ်သိမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.