ဆိုးလ်၊ ဒီဇင်ဘာ ၄
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်သည် ဒီဇင်ဘာ ၃ ရက်နေ့ကပြဌာန်းခဲ့သော စစ်အုပ်ချုပ်ရေးဥပဒေကို စွန့်လွှတ်ပယ်ဖျက်လိုက်ကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်သည် လက်ရှိအချိန်တွင်စစ်အုပ်ချုပ်ရေးဥပဒေကို ပယ်ဖျက်လိုက်သော်လည်း သူ၏နိုင်ငံရေးအနာဂတ် မရေမရာဖြစ်လာခဲ့ပြီး ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခြင်းများရင်ဆိုင်နေရသည်။
သမ္မတယွန်ဆက်ယိုလ်က တောင်ကိုရီးယားလွှတ်တော်ကိုယ်စားလှယ်များနှင့် အငြင်းပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၃ ရက်၊ ညပိုင်းတွင် စစ်အုပ်ချုပ်ရေးဥပဒေကို ရုတ်တရက်ကြေညာခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက စစ်အုပ်ချုပ်ရေးဥပဒေကို တားဆီးရန် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားလွှတ်တော်ကိုယ်စားလှယ် ၃၀၀ ဦးအနက် ၁၉၀ ဦးက စစ်အုပ်ချုပ်ရေးဥပဒေကို တားဆီးပိတ်ပင်ရန် မဲပေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား လွှတ်တော်ဥက္ကဌက သမ္မတယွန်ဆက်ယိုလ်ကြေညာခဲ့သော စစ်အုပ်ချုပ်ရေးဥပဒေက တရားဝင်မှုမရှိကြောင်း ပြောသည်။
တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားလိုလားသူများ၏ အန္တရာယ်ပေးမှုမှ နိုင်ငံကိုကာကွယ်ရန်အတွက် စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်၏ အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေ သတ်မှတ်ခြင်းသည် တောင်ကိုရီးယားနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ် သည်။
တောင်ကိုရီးယားလွှတ်တော်ရှိ အတိုက်ခံအမတ်များက တောင်ကိုရီးယားသမ္မတကို စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းလာခဲ့ပြီးနောက် သမ္မတယွန်ဆက်ယိုလ်က စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာလိုက်ခြင်းဖြစ်သည်။
သို့သော်လည်း ယွန်ဆက်ယိုလ်၏ စစ်အုပ်ချုပ်ရေးဥပဒေကြေညာခဲ့ခြင်းကို ၎င်း၏ပါတီနှင့် ပြည်သူများကလည်း လက်ခံခြင်းမရှိဘဲ ဆန္ဒပြခဲ့ကြသည်။
တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးအလုပ်သမားအစည်းအရုံးက ယွန်ဆက်ယိုလ် ရာထူးမှနုတ်ထွက်ချိန်အထိ အထွေထွေသပိတ်ဆင်နွဲမည်ဟု ကြေညာထားသည်။
ကောင်းထက်ငွေ
channelnewsasia.com
တောင်ကိုရီးယားသမ္မတက စစ်အုပ်ချုပ်ရေးကိုပယ်ဖျက် ရာထူးမှနုတ်ထွက်ရန် ဖိအားပေးခံနေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်