တောင်ကိုရီးယားသမ္မတကို ဒုတိယအကြိမ်စွပ်စွဲပြစ်တင်မည်

ဆိုးလ်၊ ဒီဇင်ဘာ ၁၄

တောင်ကိုရီးယားအတိုက်ခံပါတီသည် စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့သော သမ္မတယွန်ဆက်ယိုလ်ကို ဒုတိယအကြိမ်မြောက် လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မည်ဖြစ်ကြောင်း သိရ သည်။

တောင်ကိုရီးယားအတိုက်ခံပါတီခေါင်းဆောင် လီဂျေးမြောင်က အာဏာရပါတီအနေဖြင့် သမ္မတယွန်ဆက်ယိုလ်ကို ဒုတိယအကြိမ်မြောက် စွပ်စွဲပြစ်တင်မှုကို ထောက်ခံမှုမရှိဘူးဆိုလျှင် သမိုင်းတရားခံဖြစ်လာမည်ကို သတိထားစေလိုကြောင်း ဆိုသည်။

အတိုက်ခံပါတီဦးဆောင်မှုဖြင့် ဒီဇင်ဘာ ၇ ရက်နေ့က ယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့သည့်အတွက် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ထပ်မံစွပ်စွဲပြစ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယွန်ဆက်ယိုလ်ကို ဒီဇင်ဘာ ၇ ရက်နေ့ကပြုလုပ်ခဲ့သော စွပ်စွဲပြစ်တင်မှုတွင် အာဏာရပါတီ ပြည်သူအာဏာနှင့် အင်အားပါတီ(PPP)၏ လွှတ်တော်ကိုယ်စားလှယ်အားလုံးနီးပါး ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။

သမ္မတယွန်ဆက်ယိုလ်သည် ဒီဇင်ဘာ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ နိုင်ငံရေးအရဖိအားမျိုးစုံ ရင်ဆိုင်ခဲ့ရပြီး အတိုက်ခံပါတီကဦးဆောင်ကာ လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှု အောင်မြင်စေရန်အတွက် လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံ နှစ်ပုံအရေအတွက်ဖြစ်သော အနည်းဆုံး ၃၀၀ ဦး၏ ထောက်ခံမဲရရှိရန်လိုအပ်ကြောင်း သိရသည်။

အတိုက်ခံပါတီသည် လွှတ်တော်အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၉၂ ဦးရှိနေပြီး အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်အချို့ ထောက်ခံမဲပေးခဲ့လျှင် ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှု အောင်မြင်ဖွယ်ရှိနေကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ ဟန်ကွတ် နိုင်ငံခြားဘာသာတက္ကသိုလ်၏ နိုင်ငံတကာရေးရာပါမောက္ခ မာဆွန် ရီချီက “ တောင်ကိုရီးယားသမ္မတကို လွတ်တော်အတွင်းစွပ်စွဲပြစ်တင်မယ့် ဒုတိယအကြိမ်ကြိုးပမ်းမှုက အောင်မြင်ဖို့ ၈၀ ရာခိုင်နှုန်း အလားလာရှိတယ်။” ဟု ပြောသည်။

အတိုက်ခံပါတီက ယွန်ဆက်ယိုလ်ကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ထိခိုက်နစ်နာစေရန် လုပ်ဆောင်မှုဖြင့် လွှတ်တော်အတွင်း ထပ်မံစွဲချက်တင်မည်ဖြစ်ကြောင်း ပြောသည်။

ကောင်းထက်ငွေ

channelnewsasia.com

တောင်ကိုရီးယားသမ္မတကို ဒုတိယအကြိမ်စွပ်စွဲပြစ်တင်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.