ဆိုးလ်၊ ဒီဇင်ဘာ ၉
တောင်ကိုရီးယား အဓိကအတိုက်ခံပါတီ ဒီမိုကရက်တစ်ပါတီက သမ္မတယွန်ဆန်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှု မအောင်မြင်ခဲ့သော်လည်း ထပ်မံကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဒီမိုကရက်တစ်ပါတီကဦးဆောင်ပြီး အတိုက်ခံပါတီများသည် ဒီဇင်ဘာ ၇ ရက်နေ့တွင် သမ္မတယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုလုပ်ဆောင်ခဲ့ပြီး မဲခွဲဆုံးဖြတ်ရာ အောင်မြင်မှုမရဘဲဖြစ်ခဲ့ရကြောင်း သိရသည်။
သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုအတွက် မဲခွဲဆုံးဖြတ်ရာတွင် လွတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံထောက်ခံမဲရရန်လိုအပ်သော်လည်း ထောက်ခံမဲ ၁၉၅ မဲသာရရှိခဲ့သည့်အတွက် အောင်မြင်မှုမရဘဲဖြစ်ခဲ့ရကြောင်း သိရသည်။
သမ္မတယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှု မအောင်မြင်ခဲ့ပြီးနောက် တောင်ကိုရီးယားပြည်သူများက သမ္မတယွန်ဆက်ယိုလ်ကို ရာထူးမှနုတ်ထွက်ပေးရန် လွှတ် တော်အပြင်ဘက်တွင် တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။
ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေမြောင်က “ တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာ ၇ ရက်နေ့အတွင်းကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံသာမက တစ်ကမ္ဘာလုံးစောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ကံမကောင်းခဲ့ပါဘူး၊ စွပ်စွဲပြစ်တင်မှု မအောင်မြင်ခဲ့ဘူး။ အများပြည်သူလိုချင်တဲ့ ရလဒ်မျိုးမရခဲတဲ့အတွက် တောင်းပန်ပါတယ်။” ဟု ပြောသည်။
တောင်ကိုရီးယားအတိုက်ခံပါတီက ဒီဇင်ဘာ ၇ ရက်နေ့တွင်ပြုလုပ်သော သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင် သောဥပဒေမူကြမ်း မအောင်မြင်ခဲ့သော်လည်း လာမည့်ဒီဇင်ဘာ ၁၄ ရက်နေ့တွင် လွှတ်တော်အတွင်း စွပ်စွဲပြစ် တင်မှု ထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။
ဒီဇင်ဘာ ၇ ရက်နေ့ကပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးအတွင်း အာဏာရပါတီဖြစ်သော People Power Party (PPP) ပါတီ၏ လွှတ်တော်အမတ်အချို့ မဲပေးခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
ယွန်ဆက်ယိုလ်သည် ပြီးခဲ့သောရက်ပိုင်းက တောင်ကိုရီးယားနိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးဥပဒေ သတ်မှတ်ခဲ့ရာ တောင်ကိုရီးယားနိုင်ငံအတွင်း အံအားသင့်တုန်လှုပ်ခဲ့ပြီး ဖိအားများစွာရင်ဆိုင်နေရကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
တောင်ကိုရီးယားသမ္မတကို စွပ်စွဲပြစ်တင်မှု မအောင်မြင်သော်လည်း ထပ်မံကြိုးပမ်းသွားမည်ဖြစ်ကြောင်း အတိုက်ခံပါတီခေါင်းဆောင် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်