တောင်ကိုရီးယားရှိ တရားမဝင်အလုပ်သမားများ နေရပ်ပြန်နိုင်ရေးအစီအစဉ် သက်တမ်းတိုးပေးထား ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၅

တောင်ကိုရီးယားနိုင်ငံ၌ တရားမဝင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ နေရပ်ပြန်နိုင်ရေးအစီအစဉ်ကို သက်တမ်းတိုးမြှင့်ပေးထားကြောင်း ဆိုးလ်မြို့အခြေစိုက် မြန်မာသံရုံးမှ သိရသည်။

နေရပ်ပြန်နိုင်ရေးအစီအစဉ်ကို ဖေဖော်ဝါရီ ၂၉ ရက်အထိ သက်တမ်းတိုးမြှင့်ပေးထားပြီး၊ အဆိုပါကာလအတွင်း မိမိဆန္ဒအလျောက် နေရပ်ပြန်မည့်သူများသည် ဒဏ်ကြေးကင်း လွတ်ခွင့်ရရှိမည့်အပြင်၊ တောင်ကိုရီးယားသို့ ပြန်လည်ဝင်ရောက်နိုင်မည့် ပြည်ဝင်ခွင့်ကန့်သတ်ချက်များမှလည်း ကင်းလွတ်ခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ပြန်မယ့်သူတွေရှိတယ်။ ဒီမှာ အလုပ်လာလုပ်ရာကနေ အကြောင်းအမျိုးမျိုးနဲ့ Over Stay လုပ်လိုက်တာပေါ့။” ဟု တောင်ကိုရီးယားနိုင်ငံတွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။

တောင်ကိုရီးယားနိုင်ငံ၊ တရားရေးရာဝန်ကြီးဌာနက တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်မည့်အစီအစဉ်ကို ကာလသက်တမ်းတိုးမြှင့်ခဲ့မှု အပေါ် မြန်မာသံရုံးက ဇန်နဝါရီ ၃ ရက်တွင် အသိပေးကြေညာထားခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်ဖြင့် မိမိနေရပ်ပြန်လိုသူများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုကြောင်း စာရွက်စာတမ်းအထောက်အထားနှင့် လေယာဉ်လက်မှတ်တို့ တင်ပြ၍ တောင်ကိုရီးယားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနသို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန၏ ဝက်ဘ်ဆိုက်တွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

“ဒီမှာငွေစုပြီးပြန်မယ့်သူတွေ ရှိနေပါတယ်။ အဖမ်းအဆီးလည်းရှိတော့ သတိထားရတယ်လေ။ ကြိုဆိုရမှာပါ။” ဟု တောင်ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံ သားတစ်ဦးက ပြောသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

တောင်ကိုရီးယားရှိ တရားမဝင်အလုပ်သမားများ နေရပ်ပြန်နိုင်ရေးအစီအစဉ် သက်တမ်းတိုးပေးထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.