ရန်ကုန်၊ ဒီဇင်ဘာ ၉
တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများအနေဖြင့် မိသားစုထံငွေလွှဲပို့ရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကြေညာချက်ထုတ်ပြန်ထားသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတဆင့် ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများအနေဖြင့် တစ်လလျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း (သို့မဟုတ်) ၃ လ လျှင်တစ်ကြိမ် ၃ လစာစုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိခင်နိုင်ငံရှိမိသားစုထံ ငွေလွှဲပို့ရန် အသိပေးထားခြင်းဖြစ်သည်။
“ များသောအားဖြင့် အလုပ်သမားတွေက လစာကို အဆင်ပြေသလိုလွှဲကြတာ။ အခုက အတင်းအကျပ်ကြီး လစာကိုလွှဲခိုင်းသလိုဖြစ်နေတာ။ ဖိအားပေးရာရောက်တယ်။ အဆင်မ ပြေဘူး။” ဟု အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့ပြင် အလုပ်သမားများအနေဖြင့် ငွေလွှဲပို့ထားသည့် အထောက်အထားစာရွက်စာတမ်းအား 09401993746 Viber နံပတ်မှတဆင့် မိမိအမည်၊ passport နံပတ်၊ မြန်မာနိုင်ငံမှ စတင်ထွက်ခွာသည့်နေ့ရက်တို့ကို ပေးပို့ရန်လိုအပ်ကြောင်းလည်း ကြေညာချက်အရ သိရသည်။
တောင်ကိုရီးယားနိုင်ငံသို့ POEA မှ အလုပ်သမားတရားဝင်စေလွှတ်နေခြင်းဖြစ်ပြီး လစဥ်အလုပ်သမားရာနှင့်ချီ ထွက်ခွာလျက်ရှိကြောင်း၊ တောင်ကိုရီးယားတွင် မြန်မာလုပ်သား ၇၀,၀၀၀ နီးပါး ရောက်ရှိလုပ်ကိုင်နေကြောင်း သိရသည်။
ဗဟိုဘဏ်ပေါက်ဈေးနှင့် ပြင်ပငွေကြေးပေါက်ဈေးကွာဟချက်ကြောင့် တရားဝင်ဘဏ်စနစ်ဖြင့် မိသားစုထံလွှဲငွေပို့ဆောင်သူအရေအတွက်မှာ အနည်းငယ်သာရှိနေပြီး ဟွန်ဒီများဖြင့်သာ လွှဲပြောင်းလျက်ရှိကြောင်း သိရသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ရရှိသည့်လစာ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ပေးထားသည့် တရားဝင်ဘဏ်စနစ်လမ်းကြောင်းမှလွှဲပို့ရန် အလုပ်သမားဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက အသိပေးထုတ်ပြန်ခဲ့ပြီး၊ ယခုအခါ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ မိသားစုထံလွှဲပို့ငွေများမှာ လျော့နည်းလျက်ရှိပြီး မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကို ရောက်ရှိနေသည့် မြန်မာလုပ်သားအနေဖြင့် ဟွန်ဒီဖြင့်သာလွှဲပြောင်းကြကာ လူ ၁၀ဝ တွင် ၅ ဦးခန့်သာ ဘဏ်စနစ်ဖြင့်ပို့ဆောင်နေကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – Myanmar Embassy of seoul
တောင်ကိုရီးယားရောက် မြန်မာလုပ်သားများ မိသားစုထံငွေလွှဲပို့ရန် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်