တောင်ကိုရီးယားနိုင်ငံတွင် ခရီးသည်တင်လေယာဉ်ပျက်ကျ လူပေါင်းရာချီ သေဆုံးဖွယ်ရှိနေ

ဆိုးလ်၊ ဒီဇင်ဘာ ၂၉

တောင်ကိုရီးယားနိုင်ငံတွင် ခရီးသည် ၁၇၅ ဦးလိုက်ပါလာသော ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လူပေါင်း ၁၀၀ နီးပါး သေဆုံးသွားခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားလေကြောင်း Jeju Air flight 7C2216 လေယာဉ်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ တောင်ကိုရီးယားနိုင်ငံ Muan လေဆိပ်သို့ဆင်းသက်ချိန်တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လူနှစ်ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားမီးသတ်ဌာနက ပြောသည်။

တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရသောအကြောင်းအရင်းကို အသေးစိတ်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများအနက်မှ လူပေါင်း ၅၈ ဦး၏ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း တောင်ကိုရီးယား မီးသတ်ဌာနက ဖော်ပြထားသည်။

တောင်ကိုရီးယားအာဏာပိုင်များသည် ပျက်ကျခဲ့သော လေယာဉ်အမြီးပိုင်းမှသူများကို ကယ်ထုတ်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ရုပ်သံဖိုင်များထဲတွင် လေယာဉ်သည် ပြေးလမ်းသို့ဆင်းသက်ရန်ကြိုးပမ်းချိန်တွင် ပြေးလမ်းချော်ပြီး နံရံကိုတိုက်မိခဲ့ကာ မီးလောင်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။

တောင်ကိုရီးယားအာဏာပိုင်များက လေယာဉ်ပျက်ကျမှုမှ အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အသက်ရှင်သူအချို့ကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် လက်ရှိအချိန်တွင် ရှာဖွေကယ်ဆယ်များလုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

တောင်ကိုရီးယားနိုင်ငံတွင် ခရီးသည်တင်လေယာဉ်ပျက်ကျ လူပေါင်းရာချီ သေဆုံးဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.