ရန်ကုန်၊ နိုဝင်ဘာ ၈
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ယမန်နေ့က မောင်းနှင်လာသည့် အိမ်စီးကားတစ်စီး ပေါက်ကွဲမှုဖြစ်၍ ယာဉ်ပေါ်ပါသူသုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညနေ ၆ နာရီကျော်က တီးတိန်မြို့၊ လွယ်ဘွာလ်ရပ်ကွက်၊ အထက ၂ လမ်းခွဲအနီး၌ လမ်းပေါ်တွင်မောင်းနှင်လာသည့် Surf အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ပြင်းထန် သော ပေါက်ကွဲမှုဖြစ်၍ ယာဉ်ပေါ်ပါသူသုံးဦး သေဆုံးကာ အနီးရှိနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ ပေါက်ကွဲအားက တော်တော်ပြင်းတယ်။ ကားက စုပ်ပြတ်သပ်သွားပြီး ကားပေါ်ပါတဲ့လူတွေက အလောင်းတောင်ပြန်မရဘူး။ အသားစတွေပဲ ကျန်ခဲ့တာ။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ကားသည် ရိခေါဒါရ်မြို့နယ်ဘက်မှ တီးတိန်မြို့နယ်သို့ လာရောက်သည့်ကားဖြစ်ပြီး ထိုကားသည် ချင်းအမျိုးသားတပ်ဦး (CNA) လက်နက်ကိုင်အဖွဲ့ မှ ရဲဘော်သုံးဦးဖြစ် သော ဆလိုင်းအဲလစ်မာ၊ ဆလိုင်းရိုနာလ်နှင့် ဆလိုင်းဂျိုးဆွတို့ စီးနင်းလာသည့်ကားဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ပေါက်ကွဲမှုကြောင့် ၎င်းတို့သုံးဦးစလုံး နေရာတွင်ပင် သေဆုံးခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ နေအိမ်ငါးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် တီးတိန်မြို့ ၌ နှစ်ဖက်လက်နက်ကိုင်အဖွဲ့ များ လှုပ်ရှားသွားလာလေ့ရှိပြီး တိုက်ပွဲများနှင့် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ – စီဂျေ
တီးတိန်၌ ကားဗုံးကွဲ၍ သုံးဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်