ရန်ကုန်၊ နိုဝင်ဘာ ၉
ယမန်နေ့ကပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ယာယီသမ္မတ ဦးမြင့်ဆွေက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း ပြော ကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာတွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လက်နက်ကိုင်အဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအား ဆောင်ရွက်ကာ တိုက်ခိုက်မှုများ ပြုလုပ်နေစဉ် ယမန်နေ့က နေပြည်တော်၌ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)ကို ကျင်းပခဲ့ရာ ယာယီသမ္မတက ထိုသို့ပြောကြားခြင်းဟု သိရသည်။
“ ယခုကဲ့သို့ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း၊ သေသေချာချာ စနစ်တကျကိုင်တွယ်သွားရန်လိုကြောင်း။” ဟု ယာယီသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
အစည်းအဝေး၌ နစကဥက္ကဋ္ဌက တင်ပြရာတွင် MNDAA အနေဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်ရန် ၂၀၂၂ ခုနှစ်မှစတင်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သည်ကို သိရှိရကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုနှင့် ဆူပူမှုများကို ဖြေရှင်းဆောင်ရွက်နေရခြင်းကြောင့် လောက်ကိုင်ဒေသကို အာရုံစိုက်မှု နည်းပါးခဲ့ကြောင်း၊ MNDAA အနေဖြင့် Drone များကို အဓိကထားအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စသည့်တိုက်ပွဲအခြေအနေများကို တင်ပြခဲ့ကြောင်း သိရသည်။
“ မိမိတို့အနေဖြင့် လိုအပ်သော ပြန်လည်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်။” ဟု ၎င်းကပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့က တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုက်ပွဲရှောင်ပြည်သူများအား လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးတို့ကို ဆွေးနွေးခဲ့ကာ၊ တက်ရောက်သူများကလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုအစည်းအဝေးသို့ ယာယီသမ္မတနှင့်အတူ နစကဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေး မှူး၊ တွဲဘက်အတွင်းရေးမှူး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – နိုင်ငံပိုင်မီဒီယာ
တိုင်းပြည် အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း ကာ/လုံတွင် ယာယီသမ္မတ ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်